လပွတ္တာ အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အနောက်တောင်တိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်တို့က လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လပွတ္တလုပ်တောင် ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ ရှင်စောမြတ်စေတီတော် တတိယအကြိမ် စိန်ဖူးတော် အထွဋ်တင်မင်္ဂလာ၊ မြတ်တိဂုံလောကနိဗ္ဗာန် ပုထိုးစေတီမြတ် စိန်ဖူးတော် ၊ ငှက်မြက်နားတော် တင်လှူပူဇော်ခြင်းနှင့် ရှင်အရဟံ (၁၀၀၄)နှစ်ပြည့် ၊ (၁၈)နှစ် (၁၈)ကြိမ်မြောက် ရက်ပေါင်း (၉၀) အဘိဓမ္မာ (၇)ကျမ်း အသံမစဲရွတ်ဖတ်ပူဇော်ပွဲကို ရှင်စောမြတ်စေတီတော်ကြီး ဓမ္မာရုံ၌ ယနေ့နံနက် ၈ နာရီခွဲက ကျင်းပသည်။
အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရား ကန်တော့ ၍ ဖွင့်လှစ်ပေးခဲ့ပြီး နိင်ငံတော်သံဃာနာယကအဖွဲ့ ဘဒ္ဒန္တပညာဓဇ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ပုစွန်တောင် သာယာကုန်း ကျွန်းပြဿကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် အရှင်သူမြတ်များကလည်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ရှင်စောမြတ်စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြက်နားတော်၊ မြတ်တိဂုံလောကနိဗ္ဗာန် ပုထိုးစေတီ တွင် ကပ်လှူပူဇော်မည့် စိန်ဖူးတော် ၊ ငှက်မြက်နားတော် တို့ကို နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မဟာနာယကဆရာတော်နှင့် နိုင်ငံတော်ဗဟို သံဃာဝန်ဆောင် ဆရာတော်ထံသို့ ဆပ်ကပ်လှူဒါန်းခြင်း၊ ပင့်သံဃာဆရာတော်ကြီးများနှင့် ရှင်အရဟံ (၁၀၀၄) နှစ်ပြည့်၊ (၁၈)နှစ် (၁၈)ကြိမ်မြောက် ရက်ပေါင်း(၉၀)အဘိဓမ္မာ (၇)ကျမ်း အသံမစဲရွတ်ဖတ်ပူဇော်ကြသည့် ဆရာတော်များအား လှူဖွယ်ဝတ္တုများကို ဆပ်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ သန်လျင်မြို့နယ် နယ်လှည့်စတုဒီဿနတ်စင် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပညာတေဇက ဝမ်းမြောက်ကြောင်း မုဒိတာပွား မြွတ်ကြားပြီး နိုင်ငံတော်ဗဟိုဝန်ဆောင် ဆရာတော် သုံးခွမြို့ မြို့မရေလည်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ နန္ဒာလင်္ကာရ အရှင်မြတ်က လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားချီးမြှင့်၍ ရေစက်ချ အမျှပေးဝေခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်တို့မှ ရှင်စောမြတ်စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြက်နားတော် ၊ မြတ်တိဂုံလောကနိဗ္ဗာန် ပုထိုးစေတီတွင် ကပ်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြက်နားတော်တို့အား ပင့်ဆောင်၍ တင်လှူပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ရွေမိုး ငွေမိုးများရွာသွန်းပေးခဲ့ကြသည်။
ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ် ၂ မိုင် စံပြစပါးကွက်တွင် အောင်မြေဖြစ်ထွန်းသော စပါးများကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး လပွတ္တာမြို့ ၃ မိုင် ကုတင် ၂၀၀ ပြည်သူ့ဆေးရုံ အတွင်းရှိ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအားတွေ့ဆုံပြီး၊ လပွတ္တာမြို့ ၃မိုင် မြို့သစ်တွင် အိုးအိမ်ဦးစီးဌာနမှ ဆောက်လုပ်ထားသည့် အိမ်ယာကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
လပွတ္တာ (ခရိုင် ပြန်/ဆက်)