ဘားအံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ (၇၄) ဦးနှင့် အချုပ်သား၊ အချုပ်သူ (၄၉) ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပြု

ဘားအံ အောက်တိုဘာ ၂၀

ဘားအံအကျဉ်းထောင်တွင် အကျဉ်းကျနေသော အကျဉ်းသား/သူ (၇၂) ဦးတို့အား အောက်တိုဘာလ (၁၈) ရက်နေ့က လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ပြီး ယမန်နေ့တွင် အကျဉ်းသူ (၂) ဦးနှင့် အချုပ်သား/ အချုပ်သူ (၄၉) ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ ကြောင်း သိရှိရသည်။

ထို့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် ကရင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ဘားအံခရိုင်ရဲမှူး ဒုရဲမှူးကြီးကျော်ဝင်းအောင်၊ ကရင်ပြည်နယ် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးစောထွဋ်၊ အကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းအောင်တို့က အကျဉ်းသား/အကျဉ်းသူနှင့် အချုပ်သား/ အချုပ်သူများအား ဆုံးမဩဝါဒစကားများ ပြောကြားပြီး ဥပဒေပုဒ်မ (၄၀၁)၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူး လွန်ပါက ၎င်းပြစ်ဒဏ် အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်မှုပြစ်ဒဏ်များ အပေါ် လျှော့ပေါ့၍ အကျဉ်းသား/အကျဉ်းသူ အမျိုးသား(၄၁)ဦး၊ အမျိုးသမီး (၃၃) ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်နှင့် တရားရုံး စိစစ်ဆဲအမှုများကို ပိတ်သိမ်း၍ တရားရုံး အသီးသီးတွင် တရားစွဲဆိုခြင်း ခံနေရသူ အချုပ်သား/အချုပ်သူ အမျိုးသား(၃၉)ဦး၊ အမျိုးသမီး (၁၀) ဦးတို့အား လွတ်ငြိမ်းချမ်း သာခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။