ပခုက္ကူ အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဘုရားများ ပြန်လည်ဖွင့်လှစ်ပြီး သီတင်းကျွတ်ကာလအတွင်း ဘုရားအတွင်းသို့ ဝင်ရောက်ဖူးမျှော်ခွင့် ပြုထားရာယမန်နေ့ နံနက်ပိုင်း သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားလာရောက်ဖူးမျှော်ကြသည့် ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါဘုရားဖူးလာရောက်ကြသော ရဟန်းရှင်လူပြည်သူများအနေဖြင့် မိသားစုဝင်များ၊ သူငယ်ချင်း မိတ်ဆွေအပေါင်း အသင်းများအလိုက် စုပေါင်းလာရောက်ကြခြင်းဖြစ်ပြီး ပခုက္ကူမြို့ရှိ သီဟိုဠ် ရှင်မြတ်စွာဘုရားကြီး၊ ရွှေကူမြတ်စွာဘုရားကြီး၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောဘုရားစသည့် အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဘုရားများအား သွားရောက်ဖူးမျှော်ခြင်း၊ ပန်း၊ ရေချမ်း၊ အမွေးနံ့သာများ ထွန်းညှိပူဇော်ခြင်းများဖြင့် အသီးသီးကုသိုလ်ယူကြသည်။
ထို့အပြင် ရှေးဟောင်းသမိုင်းဝင်ဘုရားကြီးအတွင်း ရောင်းချထားသော အစားအသောက်များအား ဝယ်ယူစားသောက် အနားယူခြင်း၊ အလှဓာတ်ပုံများရိုက်ကူးခြင်း၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူကြသူများဖြင့် စည်ကားလျက်ရှိ ကြောင်း သိရှိရသည်။
ဆလိုင်းကိုကီး