ထားဝယ် အောက်တိုဘာ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တရားရုံးအသီးသီးတွင် တရားစွဲဆိုခြင်းခံထားရသူများအား လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းသာယာစေရန်နှင့် နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက် လည်းကောင်း တရားစွဲဆိုခြင်းခံနေရသူတို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်ရှိ အကျဉ်းသား(၆၈)/ အကျဉ်းသူ(၂၆)ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း သိရသည်။
လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်ပေးရာတွင် ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကြီးရဲထွန်းနိုင်၊ အကျဉ်းထောင်တာဝန်ခံ အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဖေတို့က အကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည့် အကျဉ်းသား/ သူများအား ဆုံးမသြဝါဒစကားများ ပြောကြားပြီး အကျဉ်းသား/ အကျဉ်းသူ စုစုပေါင်း (၉၄)ဦးအား ထားဝယ်အကျဉ်းထောင်မှ လွှတ်ငြိမ်းသက်သာခွင့် ပေးခဲ့သည်။
ထိုနောက် တာဝန်ရှိသူများက ကျား(၆၈)ဦးနှင့် မ(၂၆)ဦးအား သက်ဆိုင်ရာမြို့နယ်အသီးသီးသို့ ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။