ပွင့်ဖြူ အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ရေပုတ်ကြီးကျေးရွာနေ အဘိုးဦးထွန်းအေးနှင့် ဇနီးမိသားစု စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ယမန်နေ့က မြင်းခြံမြို့နေ ဦးဇော်ဝင်း + ဒေါ်ခင်ဆွေဝင်း မိသားတစ်စုက ငွေအကုန်အကျခံ၍ နေအိမ်အား ပြုပြင်ဆောက်လုပ်လှူဒါန်းပေးခဲ့ကြောင်း အဆိုပါ ရေပုတ်ကြီးကျေးရွာရှိ ဒေသခံပြည်သူများထံမှ သိရသည်။
ထိုသို့ နေအိမ်အား ပြုပြင်ဆောက်လုပ်လှူဒါန်းရာတွင် ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ သာမဂ္ဂီသုခ ပရဟိတအသင်းနာယကဆရာတော် ဦးသုဝဏ္ဏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းသားများက အလှူရှင်ကိုယ်စား ရေပုတ်ကြီး ကျေးရွာနေ အဘိုး ဦးထွန်းအေး၏ နေအိမ်အား စိတ်အေးချမ်းစွာ နေထိုင်သွားနိုင်ရေးအတွက် သက္ကယ်မိုး၊ ထရံကာ နေအိမ်အဖြစ် ပြန်လည်ပြုပြင်ဆောက်လုပ်လှူဒါန်းပေးခဲ့ကြပြီး အဘိုးအဘွားမိသားစု သီတင်းကျွတ်လအခါသမယ စိတ်အေးချမ်းစွာ တရားဘာဝနာ ကုသိုလ်ပွားများနိုင်စေရေးအတွက် ဆန်(၄)ပြည်၊ ဆီ(၁)ပိဿာနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ သာမဂ္ဂီသုခပရဟိတအသင်းအနေဖြင့် မြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော သက်ကြီးဘိုးဘွားများ စိတ်အေးချမ်းမြေ့စွာ နေထိုင်နိုင်ရေးအတွက် အလှူရှင်များထည့်ဝင်လှူဒါန်းငွေဖြင့် နေအိမ်ပြုပြင် ဆောက်လုပ်လှူဒါန်းပေးလျက်ရှိရာ ယခုနှစ်တွင် ရေပုတ်ကြီးကျေးရွာရှိ ဆင်းရဲနွမ်းပါးသော အဘိုးအဘွား(၄)ဦးအတွက် နေအိမ်(၄)လုံးအား ပြန်လည်ပြုပြင်ဆောက်လုပ် လှူဒါန်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပြီး ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင် များအနေဖြင့် ကုသိုလ်ပြုပါဝင်လှူဒါန်းလိုပါက အဆိုပါ ပရဟိတအသင်းမှ အသင်းဝင်ဖြစ်သူ ဦးကျော်ဆန်း ၊ ဖုန်း - ၀၉၂၅၆၃၁၈၁၆၉ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)