မေတ္တာ အောက်တိုဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းရှိ အသက်(၁၂)နှစ်အထက်ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေး ခြင်းဖြင့်ကျောင်းသား/ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန်ရရှိရန်နှင့် မိသားစု ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကိုတားဆီးရန် ရည်ရွယ်ချက်များဖြင့် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၂)နေရာဖြစ်သည့် အခြေခံပညာ အထက်တန်းကျောင်း(မေတ္တာ)နှင့် အခြေခံပညာအထက်တန်းကျောင်း(ဟိန္ဒါး)တို့တွင် အောက်တိုဘာ ၁၉ ရက်နေ့မှစ၍ စတင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ထားဝယ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၁၂)နှစ် ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ များအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အပူချိန်တိုင်းပေးခြင်း မိဘ၊ အုပ်ထိန်းသူများထံမှ သဘောတူလက်မှတ်ရယူခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်း စာရင်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးရာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း(၁၇၇)ဦးအား ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်း၊ နယ်မြေခံတပ်နယ်မှတပ်ရင်းမှူး ဗိုလ်မှူးဉာဏ်လင်းစိုးနှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှ ရဲအုပ်အောင်မြင့်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရကျော်နှင့်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းအဖွဲ့က လိုအပ် သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နန်းခလိုက်(မေတ္တာ)