ဘားအံ အောက်တိုဘာ ၂၀
ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဘော်လီဘောဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ဘော်လီဘောနည်းပြနှင့်ဒိုင်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံမြို့ လှာကမြင်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးသိန်းကိုကိုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဘော်လီဘောအားကစားနည်း တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် ယခုကဲ့သို့ နည်းပြနှင့်ဒိုင်သင်တန်းကို ပို့ချစေခြင်းဖြစ်ကြောင်း၊ ကရင်ပြည်နယ်ဘော်လီဘော အားကစားနည်း အနေဖြင့် အောင်မြင်မှုအစဉ်အလာကောင်းများရှိခဲ့ပြီး ယခုသင်တန်းသို့ တက်ရောက်လာကြသည့် မြို့နယ်အသီးသီးမှ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှပို့ချပေးလိုက်သည့် နည်းပြပိုင်းဆိုင်ရာ နည်းစနစ်များ၊ နည်းပရိယာယ်များ၊ နည်းဥပဒေများကို မိမိတို့ သက်ဆိုင်ရာနယ်ပယ်ဒေသများတွင် ဆင့်ပွားပြန်လည်မျှဝေသွားကြရန် တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားသည်။
အဆိုပါ ဘော်လီဘောနည်းပြနှင့်ဒိုင်သင်တန်းသို့ ပြည်နယ်အတွင်းရှိမြို့နယ်များမှ သင်တန်းသား/သူ ၂၄ ဦး တက်ရောက်လျှက်ရှိပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့ထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကာ သင် တန်းဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် မွေးမြူရေးကိုအခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ဘားအံစက်မှုဇုန်အနီး၌ မွေးမြူရေးဇုန်ဖော်ထုတ်နေမှုအား သွားရောက်ကြည့်ရှု့စစ်ဆေးရာ ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်နိုင်ထွန်းက ဇုန်အတွင်း မြေသားလမ်းလုပ်ငန်း နှင့်ရေထုတ်ပြွန်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်ဟန်က မွေးမြူမည့်တိရစ္ဆာန်အမျိုးအစားအလိုက် နေရာချထားပေးနိုင်ရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးသင်တန်းများဖွင့်လှစ်ဆွေးနွေးပို့ချပေးသွားရန်နှင့် လိုအပ် သည်များလမ်းညွှန်မှာကြားကာ ဇုန်အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဘားမဲတောင်အား သဘာဝဥယျာဉ်အဖြစ် အဆင့်မြင့်တင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာ ယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူ၊ ပြည်နယ်သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးဦးပြည့်စုံမျိုးနှင့်တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ဘားမဲတောင်သဘာဝဥယျာဉ်တွင် သဘာဝအလျောက် ပေါက်ရောက်နေသည့် အပင်အမျိုး အစားများ၊ နားနေဆောင်၊ View Point ၊ တောင်ပတ်လူသွားကွန်ကရစ်လျှောက်လမ်းများ၊ အများသုံးသန့်စင်ခန်း များနှင့် အုတ်ရေမြောင်းများ ဆောင်ရွက်ပြီးစီးမှု၊ ကလေးကစားကွင်းနှင့်ယာဉ်ရပ်နားရာနေရာတည်ဆောက်မည့် မြေနေရာတို့ကို လှည်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)