ကန်ကြီးထောင့် အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာ(ကြိမ်ချောင်း) ရန်ကုန်-ပုသိမ် ကားလမ်းဘေး၌ အောက်ဆီဂျင်စက်ရုံတစ်ခုအား တည်ဆောက်လျက်ရှိရာ ယခုအခါတွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီဖြစ်သောကြောင့် ယနေ့တွင် စက်တပ်ဆင်၍ စတင်မောင်းနှင် လည်ပတ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရခြင်းမှာ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အောက်ဆီဂျင် လိုအပ်သော လူနာများအတွက် တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ ပေးနိုင်ရန်နှင့် မြို့နယ်အတွင်းရှိ ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ပရဟိတအသင်းများသို့ ဖြန့်ဖြူးပေးနိုင်ရန်အတွက် တည်ဆောက်ခြင်းဖြစ်ကြောင်း သိရပြီးစက်ရုံမှာ အလျား၂၀ပေ၊ အနံ၃၆ပေနှင့် အမြင့်၁၃ပေရှိမည်ဖြစ်သည်။ အောက်ဆီဂျင်စက်အား ယခုလကုန်တွင် နေ့စဉ် မောင်းနှင်လည်ပတ်သွားမည်ဖြစ်ပြီး တစ်နေ့လျှင် အောက်ဆီဂျင်၄၀လီတာဆံ့ အိုးအလုံးရေ၉၀ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း တည်ဆောက်ရေးကော်မတီထံမှ သိရသည်။
အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရာတွင် အလှူငွေများလည်း ဆက်လက်လိုအပ်လျက်ရှိရာ လှူဒါန်းလိုသော ပြည်သူများအနေဖြင့် ဦးဇော်မျိုးဦး (ဖုန်းနံပါတ်၀၉.၇၉၀၉၇၉၇၆၉)၊ ဦးအောင်အောင် (ဖုန်းနံပါတ်၀၉.၅၁၇၅၅၉၉) ဦးနေ (ဖုန်းနံပါတ်၀၉.၄၂၂၅၂၂၄၄၄)နှင့် ဒေါ်မိပုံ့ (ဖုန်းနံပါတ်၀၉.၅၀၅၇၂၀၀)သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
လှမင်းထွဋ်