သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေတွင် လာရောက်အပန်းဖြေသူများဖြင့် စည်ကား

ငွေဆောင်   အောက်တိုဘာ   ၂၀

ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားရာမှ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မတ်လ ၂၃ ရက်နေ့မှစ၍ ပြန်လည် ဖွင့်လိုက်သည့် ငွေဆောင်ကမ်းခြေတွင် သီတင်းကျွတ်ရုံးပိတ် ရက်ဖြစ်သည့် ယနေ့တွင် လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက် ရှိသည်။

ငွေဆောင်ကမ်းခြေသည် သဲသောင်ပြင် သန့်ရှင်းခြင်းနှင့် ပင်လယ်ရေကြည်လင်ခြင်းတို့ကြောင့် ပင်လယ်ရေစိမ်ခြင်း၊ ရေကူးခြင်းဖြင့်အနား ယူရန် နေရာကောင်းဖြစ်၍ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အထူးစိတ်ဝင်စားသော နေရာတစ်ခုဖြစ်သည်။ ငွေဆောင်ကမ်းခြေမှ တစ်ဆင့် အနီးဝန်းကျင်ရှိ မြွေကျွန်း၊ ချစ်သူများကျွန်း၊ ငှက်ကျွန်း၊ ကျွန်းလျားရှည်၊ ဆင်မကျွန်းနှင့် ဘုရားသုံးဆူ၊ မိုးမခ ဆင်စခန်းများသို့ သွားရောက်လည်ပတ်နိုင်သည်။ အပန်းဖြေလာရောက်သူများ ဘေးကင်းလုံခြုံစိတ်ချစွာ အပန်းဖြေအနားယူနိုင်ရေးအတွက် ကမ်းခြေလုံခြုံ ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ကမ်းခြေတစ်လျှောက် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက် လျက်ရှိသည်။

ငွေဆောင်ကမ်းခြေတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ဟိုတယ်အလုံး (၃၀)နှင့် တည်းခိုခန်း(၇၀)တို့ ဖွင့်လှစ်ထားရှိကြောင်းနှင့် မတ်လ ၂၃ ရက် နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဟိုတယ်များသို့ ဝင်ရောက်သည့်ခ ရီးသွားဧည့်သည်မှာ (၃၅၀၀၀) ဦးခန့် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ငွေဆောင်ရုံးခွဲတာဝန်ခံ ဦးစီး အရာရှိ ဦးဌေးအောင်ထံမှ သိရသည်။

မူမူ(ငွေဆောင်)