ထီးလင်းမြို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှု (၅၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်

ထီးလင်း အောက်တိုဘာ ၂၀

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အောက်ဆီဂျင် အရေးပေါ်လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ထီးလင်းမြို့ အောင်တော်မူဘုရား ပုရဝုဏ်၌ အောက်ဆီဂျင်စက်ရုံကို စက်တင်ဘာလ ၅ ရက်နေ့တွင် ပန္နက်ရိုက်စတင်၍ တည်ဆောက် လျက်ရှိရာ ယခုအခါ (၅၀) ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ထီးလင်းမြို့တွင် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံ အဆောက်အဦမှာ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိပြီး RC ကြမ်းခင်း၊ အုတ်ကာ၊ သွပ်မိုး၊ သစ်သားတိုင်များဖြင့် ဆောက်လုပ်ထားကာ အဆောက်အဦ ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း ၂၀၀ ကျော် ခန့် ကုန်ကျ မည်ဖြစ်သည်။ စက်ရုံအတွက် အသုံးပြုမည့် အောက်ဆီဂျင်စက်ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ က ထောက်ပံ့ပေးထားပြီး လျှပ်စစ်ပိုင်း (200) KVA ထရန်စဖော်မာကို အသုံးပြုမည်ဖြစ်ကြောင်း၊ စက်ရုံ တည်ဆောက်မှုကို ထီးလင်းမြို့ မင်္ဂလာကျောင်းဆရာတော် ဦးသောဘဏ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါ စက်ရုံတည်ဆောက်မှုလုပ်ငန်းမှာ (၅၀) ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ရာ တည်ဆောက်ပြီးစီးပါက ဒေသအတွင်းရှိ ပြည်သူများ၏ အောက်ဆီဂျင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)