မကွေး အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်း အောက်တိုဘာလ ၁၇ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော ဒေသခံပြည်သူများအား ထောက်ပံ့ငွေ များနှင့်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးအား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ဒေသခံလက်ဝယ်ပြည်သူများအရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေများနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာတွင် မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်သည် မိုးများသည်းထန်စွာ ရွာသွန်းကာ ရေကျချောင်းများနှင့် ရေကန်များ ရေလျှံမှုတို့ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသော ကန်ရွာလေး ကျေးရွာ၊ အလည်ချောင်းကျေးရွာနှင့် ချမ်းမြေ့သာယာကျေးရွာတို့မှ ဒေသခံပြည်သူများအား တွေ့ဆုံ၍ မိမိတို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လာရောက်တွေ့ဆုံခြင်း ဖြစ်ပါ ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပါက ထိခိုက်ဆုံးရှုံး မဖြစ်အောင် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကလည်း အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်းနှင့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားပါက သက်ဆိုင်ရာဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲ့မှုဦးစီးဌာန၊ တိုင်းဦးစီးမှူးက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ပြည်သူများအနေဖြင့် အထူးဂရုပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသော ပြည်သူများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် မိုးများသည်းထန်စွာ ရွာသွန်းကာ ရေကျချောင်းများနှင့် ရေကန်များ ရေလျှံမှုတို့ကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ရသော ဒေသခံပြည်သူများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ်အတွင်း အောက်တိုဘာလ(၁၇)ရက်နေ့က မိုးများသည်းထန်စွာ ရွာသွန်း မှုကြောင့် ဘေးသင့်အိမ်ထောင်စု (၁၀၈)ဦးရှိကြောင်းနှင့် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် (၅၁)သိန်းကျော်ခန့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)