ဂန့်ဂေါမြို့နယ်၌ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ

ဂန့်ဂေါ အောက်တိုဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ယမန်နေ့နံနက် ပိုင်းမှစ၍ စတင်ထိုးနှံပေး နေကြောင်း ဂန့်ဂေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့်  အထက်တန်း အဆင့်ရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား (Sinovac)အမျိုးအစား ကိုဗစ် ကာကွယ်ဆေးများကို ပထမအကြိမ်အဖြစ်  ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မိုးလုံ လေလုံအား ကစားခန်းမတွင် လည်းကောင်း၊ ကျောတိုက်နယ်ဆေးရုံနှင့် ဟံသာဝတီ တိုက်နယ်ဆေးရုံ စသည်တို့တွင်လည်း အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် Yaw Rescue ပရဟိတအဖွဲ့ဝင်များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်အတွင်း၌ အခြေခံပညာ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်း (၄၁) ကျောင်း၊ ဂန့်ဂေါတိုက်နယ်မှ အခြေခံပညာအလယ်တန်းနှင့်  အထက်တန်းအဆင့်ရှိ အသက် (၁၂) နှစ်နှင့် အထက် ကျောင်းသား/သူ (၇၄၉) ဦး၊ ကျောတိုက်နယ်မှ အခြေခံပညာအလယ်တန်းနှင့်  အထက်တန်း အဆင့်ရှိ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/ သူ(၁၃၂)ဦးနှင့် ဟံသာဝတီတိုက်နယ်မှ အခြေခံ ပညာအလယ်တန်းနှင့်  အထက်တန်းအဆင့်ရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူ (၅၀၆)ဦး ရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

ထို့ပြင် မှတ်ပုံတင်မပြုလုပ်ရသေးသည့် ကျောင်းသား/သူများကိုလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးက တာဝန်ရှိသူများက နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)