ဆိပ်ဖြူ အောက်တိုဘာ ၂၀
မကွေးတိုင်း ဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အောက်တိုဘာလလယ်အတွင်း မိုးရွာသွန်းမှုများခြင်းကြောင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံး ချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) ရုံးမှ ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည့် ဆည်တမံများ ပျက်စီးထိခိုက်မှုမရှိစေရေး ရေကင်း များ စောင့်ကြည့်ပြီး ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရှိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) ဦးစီးအရာရှိ (မြို့ပြ) ရုံးမှ ထိန်းသိမ်းစောင့်ရှောက် လျက်ရှိသည့် ဆည်တမံ ၉ ခုရှိပြီး ၂၀၂၁ခုနှစ် ဇူလိုင်လမှ စတင်၍ မိုးရွာသွန်းပြီး အောက်တိုဘာလအတွင်းယခင်နှစ်များထက် မိုးရွာသွန်းမှုပိုခဲ့ကာ ဆည်တမံများအတွင်း ရေဝင်များခဲ့ပြီး အောက်တိုဘာလ ၁၆ ရက်နေ့နှင့် (၁၇) ရက်နေ့ ရွာသွန်းသောမိုးရေကြောင့် ဝန်ချောင်း ၊ဝန်ယူ၊ ဝန်လို ၊ရေပုတ် ၊တံခွန် ၊ငချဉ် တမံတို့တွင် ရေပိုလွဲမှရေကျော်ကျမှုများရှိခဲ့ပြီး တဲကြီး၊ တမာ၊ ဖိုးနီဆည်တမံများတွင် ရေပြည့်အမှတ်နီးပါး ဆည်ရေများ ဝင်ရောက်ခဲ့ကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) ဦးစီးအရာရှိ (မြို့ပြ) ရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများမှ ဆည်တမံများထိခိုက်မှု မရှိစေရေးအတွက် ပြုပြင်ထိန်သိမ်းရေးလုပ်ငန်းများ ကြိုတင် ဆောင်ရွက်ထားရှိကြောင်း လက်ရှိအခြေအနေတွင် ရေပိုလွှဲမှရေကျော်နေသည့် ဆည်တမံများပေါ်၌ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး(E.P.P) စီမံချက်ဖြင့် အစိမ်းရောင်အလံများ လွှင့်ထူထားရှိပြီး ဒေသခံပြည်သူများ ဆည်ရေအသိပညာပေး လုပ်ငန်းများနှင့် တမံကျေးအောက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ဆည်ရေကျော်အမှတ်များကိုလည်း ချိတ်ဆက် အသိပေးဆောင်ရွက် ထားကြောင်း၊ အောက်တိုဘာ ၁၇ ရက်နေ့နှင့် ၁၈ နေ့များတွင် ဝန်ယူတမံမှ ဆည်ရေကျော်ခြင်း နှစ်ပေခန့်ရှိရာမှ ယမန်နေ့နံနက်ပိုင်းတွင် သုည ဒဿမ ၇ အထိသာ ရေကျော်နေတော့ကြောင်း ဆည်တာဝန်ခံများနှင့် ဝန်ထမ်းများက ဆည်တမံများ ကြံ့ခိုင်မှုအခြေအနေနှင့် ရေပိုလွဲ၊ ရေလွှတ်မြောင်းများ ထိခိုက်မှု ရှိ၊ မရှိကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) ဦးစီးအရာရှိ ဦးရန်လင်းမောင်က ပြောကြားခဲ့ကြောင်း သိရှိရသည်။
ကိုဇွဲ (အညာမြေ)