စစ်ကိုင်း အောက်တိုဘာ၂၀
စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုးနှင့် မြို့မတိုက်နယ်အတွင်း ၂၀၂၁ခုနှစ် ဝါဆိုသံဃာ/ သီလရှင် စုစုပေါင်း(၁၉၉၆၀)ပါးရှိပြီး အသက်(၁၈)နှစ်အထက် ရဟန်းသံဃာ(၆၆၃၈)ပါး၊ သီလရှင်ဆရာကြီး/ ဆရာလေး(၃၄၀၀)ပါး၊ စုစုပေါင်း(၁၀၀၃၈)ပါး သတင်းသုံးနေထိုင်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစီမံချက်များနှင့်အညီ ၂၀၂၁ ခုနှစ် ဧပြီလမှစ၍ Covishield ကာကွယ်ဆေး၊ Sinopham ကာကွယ်ဆေးများကို လစဉ်သီတဂူဆေးရုံ ဆေးထိုးစုရပ်တွင် အဓိကထား ထိုးနှံပေးပြီး မင်းကွန်းဒေသနှင့် ဆားတောင်မြို့အပါအဝင် ဝေးလံသော ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်ကျောင်းများအား ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး (စစ်ကိုင်း) တို့မှ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲသူနာပြုများ၊ သီတဂူသံဃာ့ဆေးရုံမှ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများမှ Mobile Team အဖွဲ့များ စုဖွဲ့၍ ကာကွယ်ဆေးထိုးဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ ရဟန်းသံဃာ(၂၄၁၄)ပါး၊ သီလရှင် (၁၂၅၁)ပါး၊ စုစုပေါင်း(၃၆၆၅)ပါးနှင့် ဝေယျာဝစ္စအဖွဲ့(၁၁၀၀)ဦးတို့ကို ဆေးထိုးနံပြီးကြောင်းသိရသည်။
အောက်တိုဘာ(၁၉)ရက် နံနက်ပိုင်းက ဒုတိယအသုတ် ဒုတိယအကြိမ်အဖြစ် သံဃာတော်/ သီလရှင်(၁၈၇)ပါးတို့အား သီတဂူဆေးရုံတွင်လည်းကောင်း၊ တတိယအသုတ် ပထမအကြိမ်အဖြစ် စစ်ကိုင်းတောင်ရိုး ဟံသာဂီရိကျောင်းတိုက်ရှိ သံဃာတော်/ ကပ္ပိယ ဝေယျာဝစ္စအဖွဲ့ (၅၀)ပါး/ဦး၊ မဟာသုဗောဓာရုံကျောင်းတိုက်ရှိ သံဃာတော်/ ကပ္ပိယ ဝေယျာဝစ္စအဖွဲ့ (၃၅)ပါး/ဦး၊ မဟာခိုနန်း ကျောင်းတိုက်ရှိ သံဃာတော်/ ကပ္ပိယ ဝေယျာဝစ္စအဖွဲ့ (၇၅)ပါး/ဦး အား သက်ဆိုင်ရာကျန်းမာရေးဝန် ထမ်းများက ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြသည်။
ကာကွယ်ဆေးများထိုးနှံရာသို့ တိုင်းဒေသကြီးသာသနာရေးမှူး၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး စစ်ကိုင်းမြို့နယ် အတွင်းကျန်ရှိနေသည့် သံဃာတော်သီလရှင်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်