စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၁ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

မုံရွာ   အောက်တိုဘာ   ၂၀

နိုင်ငံတော်အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူ၍ အထူးအားပေးချီးမြှောက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိပြီး ၂၀၂၁ ခုနှစ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ် ပေါင်းစုံအသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ (၁၈)ရက်၊ ညနေ(၄)နာရီအချိန်တွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစား ချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အမျိုးသား မီတာ (၁၅၀၀) ပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး မီတာ (၁၀၀)ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ဆုချီးမြင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)ပြိုင်ပွဲများတွင် ဆုရရှိကြသော အားကစားသမား များအား ငွေသားဆုနှင့်ဆုတံဆိပ်များအားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အမျိုးသား/အမျိုးသမီး မီတာ(၁၅၀၀)ပြိုင်ပွဲများတွင် ဆုရရှိကြသော အားကစားသမားများအား ငွေသားဆုနှင့်ဆုတံဆိပ်များအားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ပြိုင်ပွဲများတွင် စံချိန်သစ်တင်ခဲ့ကြသော အားကစားသမားများအား စံချိန်သစ်ဆုများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလှိုင်က အမျိုးသမီးတံခွန်စိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိကြသော မြို့နယ်များအား ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အမျိုးသားတံခွန်စိုက် ပထမ၊  ဒုတိယ၊ တတိယ ဆုများရရှိကြသော မြို့နယ်များအား ငွေသားဆုများအား လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသား/အမျိုးသမီး စွယ်စုံတံခွန် စိုက်ရရှိကြသော တတိယဆုရ ဝက်လက်မြို့နယ်အား တံခွန်စိုက်ဆုနှင့် ငွေသားဆုများအား လည်းကောင်း၊ ဒုတိယဆုရ စစ်ကိုင်းမြို့နယ်အား တံခွန်စိုက်ဆုနှင့် ငွေသားဆုများအား လည်းကောင်း၊ ပထမဆုရ အင်းတော်မြို့နယ်အား တံခွန်စိုက်ဆုနှင့် ငွေသားဆုများအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရရှိသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဆုချီးမြင့်ပွဲအခမ်း အနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ (၁၉)ရက် နံနက်ပိုင်းတွင် အလုံမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းတွင်  အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနေမှုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ မပြုလုပ်ရသေးသော ကျောင်းသား/ကျောင်းသူ (၆၀)ဦး တို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဝင်းဦး(​ဇေယျာတိုင်း)