အရာတော် အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းသေကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီက စတင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာသို့ မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်ဝေနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ပြည့်ဖြိုးအောင်၊ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထင်ကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်နွဲ့နွဲ့သန်းနှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ဆေးထိုးနှံပြီးသူများအား ကျန်းမာရေး စောင့်ကြည့်ခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ယခုအကြိမ်တွင် အရာတော်မြို့နယ်အတွက် ကာကွယ်ဆေးအလုံးရေ (၄၆၄)လုံး ရရှိကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ပထမကြိမ် လာရောက်ထိုးနှံသူ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းအဆင့် ကျောင်းသား(၃၀)ဦး၊ ကျောင်းသူ(၄၃)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား (၁၀)ဦး၊ ကျောင်သူ(၁၁)ဦး၊ စုစုပေါင်း (၉၄)ဦးရှိခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား သတ်မှတ် ရက်များအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)