ကရင်ပြည်နယ်ငြိမ်းချမ်းရေး အထောက်အကူပြု ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ အောက်တိုဘာ ၁၉

ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စည်းလုံးညီညွှတ်စွာ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းနိုင်ရေးအတွက် ကရင်ပြည်နယ်ငြိမ်းချမ်းရေး အထောက်အကူပြုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ် ငြိမ်းချမ်းရေးအထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ၂၀၁၅ ခုနှစ်မှစ၍ ငြိမ်းချမ်းရေးကို စတင်အကောင်အထည်ဖော်ခဲ့ရာတွင် အောက်တိုဘာလ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့ ကြသည်မှာ ခြောက်နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပခဲ့ပြီး ထိုသို့ကျင်းပရခြင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်ရရှိဖို့ အတွက်ပင်ဖြစ်ကြောင်း၊ မိမိတို့ပြည်နယ် အနေဖြင့် ငြိမ်းချမ်းရေးကို အထူးလိုလား တောင့်တနေပြီး တာဝန်ရှိသူအားလုံးပူးပေါင်း ဆောင်ရွက်မည် ဆိုပါက ထာဝရငြိမ်းချမ်းရေး ရည်မှန်းချက်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် လက်နက်ကိုင်ပဋိပက္ခလျော့ချရေးကို အဓိကထား ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူတိုင်းက ငြိမ်းချမ်းရေးကို လိုချင်နေကြပြီး ငြိမ်းချမ်းပန်းတိုင်ကို လျှောက်လမ်းရာတွင် တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ ယုံကြည်မှု၊ အပြန်အလှန်ချစ်ကြည် လေးစားမှုတို့အပေါ် များစွာမူတည်နေပြီး လွယ်ကူသည့်အရာ မဟုတ် သော်လည်း တက်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကာ ဦးတည်ချက်ကို ရောက်အောင် လျှောက်လမ်းနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ ပြည်နယ်၏ ငြိမ်းချမ်းရေး ပန်းတိုင်သို့ လျှောက်လှမ်းရာတွင် အခက်အခဲ အတားအဆီးများရှိပါကလည်း အတူတကွ  ပူးပေါင်းရင်ဆိုင် ဖြေရှင်းသွားကြရ မည်ဖြစ်ပြီး ကော်မတီဝင်များအနေဖြင့်လည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် ငြိမ်းချမ်းရေးအ‌ထောက်အကူပြု ကော်မတီအဖွဲ့ဝင် အရှေ့တောင်တိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇောမင်းအောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ကော်မတီအတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဘားအံ(လှိုင်းဘွဲ)၊ ကော့ကရိတ်၊ မြဝတီ၊ သံတောင်၊ ကြာအင်းဆိပ်ကြီး၊ ဖါပွန်မြို့နယ်များမှ ကော်မတီဝင် (မြို့မိမြို့ဖ)များက ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုများမှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးသို့ တက်လှမ်းဆောင်ရွက်သွားနိုင်ရေး၊ ဒေသတွင်း အကောင်အထည်ဖော်ရာတွင် နေရာဒေသအလိုက် ကွာခြားချက်များ၊ မတူညီမှုများ၊ စိန်ခေါ်မှု များ၊ ကြုံတွေ့ရနိုင်သည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြပြီး ကရင်ပြည်နယ်ငြိမ်းချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် က ရှေ့လုပ်ငန်းစဉ်များကို သတ်မှတ်ချပြပေး သွားမည်ဖြစ်ပြီး လိုအပ်သည့် ထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်ကိစ္စ မှန်သမျှ အချိန်အကန့်အသတ်မရှိ ဆက်သွယ်ဆောင်ရွက်နိုင်ပြီး အမြဲတမ်း ဆက်သွယ်ဆောင်ရွက်သွားကြဖို့လိုကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)