မြိတ်မြို့တွင် စားသုံးဆီ တစ်ပိဿာ (၃၉၅၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ တစ်အိမ်ထောင် (၂)ပိဿာနှုန်း ရောင်းချပေး

မြိတ် အောက်တိုဘာ  ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စားသုံးဆီများကို ပြည်သူများ ဈေးနှုန်းချိုသာစွာ စားသုံးနိုင်ရန် အတွက် ယနေ့ နံနက်ပိုင်းတွင် မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ မြိတ်ခရိုင် ဆီလုပ်ငန်းရှင် အသင်းမှ စားသုံးဆီ တစ်ပိဿာလျှင် (၃၉၅၀)ကျပ်ဖြင့် တစ်အိမ်ထောင် (၂)ပိဿာနှုန်း ရောင်းချပေး လျက်ရှိသည်။

“အခြေခံလူတန်းစားတွေ ဈေးနှုန်းချိုသာစွာ စားသုံးနိုင်ဖို့နဲ့ စားဆီတွေ အခက်အခဲဖြစ်နေတာ အဆင်ပြေစေဖို့ ရည်ရွယ်ပြီး ရောင်းချပေးတာဖြစ်ပါတယ်။ အခြေခံလူတန်းစားတွေများတဲ့ ရပ်ကွက် တွေမှာ ပိဿာ(၂၂၀၀) ရောင်းချပေးသွားမှာဖြစ်ပြီး ကျန်တဲ့ရပ်ကွက်တွေမှာ (၁၁၀၀)ပိဿာရောင်းချပေး သွားမှာ ဖြစ်ပါတယ်” ဟု မြိတ်ခရိုင် ဆီလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဒေါ်တင်တင်မြတ်က ပြောသည်။

မြိတ်မြို့နယ်တွင် ပြည်သူများမှ ဆီတစ်ပိဿာ (၅၁၀၀)ဝန်းကျင်ခန့် နေ့စဉ် ဝယ်ယူစားသုံးနေရကြောင်း၊ ပြည်သူများ ဈေးနှုန်း ချိုသာစွာ စားသုံးနိုင်ရန်  ဆီတစ်ပိဿာလျှင် (၃၉၅၀)ကျပ်ဖြင့် တစ်အိမ်ထောင် (၂)ပိဿာနှုန်း ရောင်းချပေးခြင်းကို (၅)ရက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး မြိတ်ခရိုင်အတွင်းရှိ ကျွန်းစု၊ ပုလော၊ တနင်္သာရီ မြို့နယ်များသို့ပါ သွားရောက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို မြန်မာနိုင်ငံ ဆီကုန်သည်အသင်းမှ ဦးဆောင်၍ မြိတ်ခရိုင် ဆီလုပ်ငန်းရှင်အသင်း မှ ဆောင်ရွက်ခြင်းဖြစ်ပြီး မြိတ်ခရိုင်ရှိ ပြည်သူများအတွက် ဆီ(၁၆၅၀၀)ပိဿာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)