ပခုက္ကူမြို့၌ သီတင်းကျွတ်ကာလအတွင်း မီးပုံးနှင့် ကလေးကစားစရာအရုပ်များ ဝယ်ယူသူများပြားလျက်ရှိ

ပခုက္ကူ  အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သီတင်းကျွတ်ကာလအတွင်း သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာ အရုပ်များ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာ အရုပ်များကို ပခုက္ကူမြို့၊ လွတ်လပ်ရေးပန်းခြံအရှေ့ဘက် မြို့မဈေးကြီးအဝင်၊ ထင်းတန်းလမ်းတလျှောက်နှင့် သီဟိုဠ်ရှင်ဘုရားကြီးရှေ့တို့တွင် အဓိကရောင်းလျက်ရှိကြပြီး အဆိုပါ မီးပုံးနှင့်အရုပ်များကို အမှတ် ၁ရပ်ကွက်၊ အမှတ်၁၀ ရပ်ကွက်၊ အမှတ် ၁၃ ရပ်ကွက်များမှ မြန်မာ့ရိုးရာ လက်မှုလုပ်ငန်း လုပ်ကိုင်သူများက လာရောက် ရောင်းချခြင်း ဖြစ်သည်။

ထိုသို့ရောင်းချရာတွင် သီတင်းကျွတ် မီးပုံး၊ မီးဆိုင်းများကို အနိမ့်ဆုံးတန်ဖိုး ငွေကျပ် ၃၀၀ မှ အမြင့်ဆုံး ငွေကျပ် ၈၀၀ ဖြင့်လည်းကောင်း၊ ကလေးကစားစရာအရုပ်များဖြစ်သည့် ယုန်ရုပ်တစ်ခုကို ငွေကျပ်၂၀၀၊ ရွက်လှေတစ်စီးကို ငွေကျပ် ၂၅၀၀၊ သင်္ဘော(အသေး)တစ်စီးကို ငွေကျပ် ၃၀၀၀၊ သင်္ဘော(အကြီး)တစ်စီးကို ငွေကျပ် ၃၀၀၀၊ အိမ်ပုံစံရုပ် တစ်ခုကို ငွေကျပ် ၃၀၀၀၊ တိုက်လေယာဉ်ပုံများကို ငွေကျပ် ၂၀၀၀ကျပ်ဖြင့်လည်းကောင်း၊ ဟယ်လီကော်ပတာ ပုံများကို ငွေကျပ် ၂၅၀၀မှ ၃၀၀၀ ကျပ် နှုန်းဖြင့်လည်းကောင်း ၊ အထူးအော်ဒါစနစ်ဖြင့်လည်းကောင်း အသီးသီး ရောင်းချကြောင်း၊  ဝါခေါင်လမှစတင်ပြီး  သီတင်း ကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်ပုံစံများ ချိုးပြုလုပ်နိုင်ရန် မှန်ရောင်စက္ကူတစ်ရွက်ကို ငွေကျပ် ၇၀၀ကျပ်နှုန်း၊ ဆီစိမ် အကြမ်းစက္ကူတစ်ရွက်ကို ငွေကျပ် ၂၀၀ နှုန်းနှင့် ဝါးလုံးတစ်လုံးကို ငွေကျပ် ၂၅၀၀နှုန်းဖြင့် ဝယ်ယူရကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာလမတိုင်မီနှစ်များတွင် မှန်ရောင်စက္ကူတစ်ရွက်ကို ငွေကျပ် ၁၂၀ကျပ်နှုန်း၊ ဆီစိမ်အကြမ်းစက္ကူတစ်ရွက်ကို ငွေကျပ် ၄၀ နှုန်းနှင့် ဝါးလုံးတစ်လုံးကို ငွေကျပ် ၁၅၀၀နှုန်းတို့ဖြင့် ဝယ်ယူခဲ့ရကြောင်း၊ မှန်ရောင်စက္ကူတစ်ရွက်၊ ဝါးတစ်လုံး တို့ဖြင့် မီးပုံး၊ မီးဆိုင်းများကို ၁၃လုံးမှအလုံး ၂၀၊ အထိ၊ သင်္ဘော(အကြီး) ၅စီး၊ အခြားကလေးကစားစရာအရုပ် ၁၀ခုစီ ပြုလုပ်နိုင်ကြောင်း၊ တစ်နေ့လျှင် အမျိုးအစားတစ်ခုတည်း ပြုလုပ်ဖန်တီးမည်ဆိုပါက မီးပုံး၊မီးဆိုင်းများကို ၁၀လုံး ၊ သင်္ဘော(အကြီး) ၃စီး၊ အခြား ကလေးကစားစရာအရုပ် ၁၀ခုစီ ပြီးစီးကြောင်း၊ ယခုနှစ်အတွက် ရင်းနှီးငွေကျပ် သုံးသိန်းခွဲရှိပြီး တစ်နေ့လျှင် အများဆုံး ငွေကျပ်ငါးသောင်းကျော်အထိသာ ရောင်းရကြောင်း၊ လက်ကားဈေးအဖြစ် တစ်နေ့လျှင် ငွေကျပ် တစ်သိန်းကျော်အထိ ရောင်း ချနိုင်ခဲ့ကြောင်း၊ ကိုဗစ်ကာလမတိုင်မီနှစ်များတွင် အရင်းအနှီးငွေကျပ် သိန်း၅၀ဖြင့်ပြုလုပ်ရောင်းချပါက အမြတ်ငွေကျပ် သိန်း ၁၅၀လောက်အထိ ရရှိကြောင်း၊ ယခုနှစ်တွင် ကုန်းပစ္စည်းများ  မြင့်တက်လာခြင်းကြောင့် သီတင်းကျွတ်မီးပုံးနှင့်ကလေး ကစားစရာအရုပ်များ ပြုလုပ်ရောင်းချသူ နည်းပါးသည့်အတွက် မြန်မာ့ရိုးရာအစဉ်အလာအရ သီတင်းကျွတ်ကာလတွင် ဝယ်ယူ အားပေးသူ ပိုမိုရရှိကြောင်း ပခုက္ကူမြို့၊ အမှတ်(၁၃)ရပ်ကွက်၊ သီဟိုဠ်ရှင်မြတ်စွာဘုရားကြီးတောင်ဘက်၊ ပြည်တော်အေး ရပ်ကွက်တွင် သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များ လက်လီ၊ လက်ကားစနစ်ဖြင့် ပြုလုပ်ရောင်းချနေသူ ဒေါ်တင်တင်မြင့်က ပြောပြသည်။  

ဆလိုင်းကိုကီး(ပြန်/ဆက်)