ပွင့်ဖြူမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး ထောက်ပံ့ပေးအပ်

ပွင့်ဖြူ      အောက်တိုဘာ       ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာ ၁၇ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၁၀)အုပ်စုမှ လူနေအိမ် (၁၂၃)လုံး ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့် အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ‌အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ထောက်ပံ့ပေးအပ် ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က မိုးရာသီကာလများတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လေ့ ရှိသဖြင့် ထိခိုက်ဆုံးရှုံးမှု မဖြစ်အောင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အထူးဂရုပြု ဆောင်ရွက်ကြစေလိုကြောင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပါက သက်ဆိုင်ရာဌာနများကို အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ပြီး အကူအညီရယူဆောင်ရွက်ကြရန် ၊ နိုင်ငံတော်မှ သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများအပေါ် ပြည်သူများ အခက်အခဲ မဖြစ်စေရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ပြီး ယခု ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကိုလည်း အကျိုး ရှိရှိ သုံးစွဲကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု‌ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ပြည်သူများ အခက်အခဲမဖြစ်စေရေးအတွက် ထောက်ပံ့ပေးမှု လုပ်ငန်းစဉ်များနှင့် သဘာဝဘေးအန္တရာယ်မဖြစ်အောင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစီစဉ်ဆောင်ရွက်ပေးမှုများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း လူနေအိမ် အမိုးလန် ပျက်စီးခဲ့သည့် အိမ်ထောင်စု (၁၁၀)စုအတွက် အိမ်ထောင်စု တစ်စုလျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်း ၊ လူနေအိမ်ပြိုလဲပျက်စီးခဲ့သည့် အိမ်ထောင်စု (၁၃) စုအတွက် အိမ်ထောင်စု တစ်စုလျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ ငွေကျပ် ၁၀၀၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးကို လည်းကောင်း ၊ လေဘေးသင့်အိမ်ထောင်စုဝင် ၅၂၃ ဦး အတွက် တစ်ပတ်စာ စားနပ်ရိက္ခာဆန်ဖိုးငွေကျပ် ၁၀၉၈၃၀၀ ကျပ်နှင့် လူနေအိမ်ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရှိသူ (၂)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၅၀၀၀၀ နှုန်းစီတို့အားလည်းကောင်း  လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ရဲဝင်းနိုင် (ညောင်ဦး)