ရွှေဘို အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို တတိယအသုတ် (ပထမအကြိမ်) အဖြစ် စုရပ်(၆)နေရာတွင် ယမန်နေ့မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။
ထို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ အနီးကပ်ကြီးကြပ်၍ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊အသက် ၅၅နှစ်မှ အသက် ၆၄ နှစ်အတွင်း သက်ကြီး ဘိုးဘွားများ ရဟန်းသံဃာများ၊ ဝန်ထမ်းများ၊ Volunteer များ၊ စက်ရုံ/အလုပ်ရုံ ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် ဈေးသူ/ဈေးသားများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို စုရပ်(၆)နေရာခွဲ၍ အဖွဲ့(၆)ဖွဲ့ မှ ထိုးနှံပေးလျက် ရှိသည်။
အဆိုပါ စုရပ်(၆)နေရာဖြစ်သော ရွှေဘိုမြို့ပေါ်ရှိ အထက(၁)၊ အထက (၄)၊ မြို့တော်ခန်းမ၊ ပန်းရံကျေးရွာရှိ အထက စာသင်ကျောင်း၊ ဆိပ်ခွန်ကျေးရွာရှိ အထက စာသင်ကျောင်းနှင့် ကျောက်မြောင်းမြို့နယ်ရှိ အထက စာသင်ကျောင်းတို့တွင် ထိုးနှံပေးခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း ၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် သွေးအတွင်းအောက်စီဂျင်ပါဝင်မှု ပမာဏတိုင်းတာခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း ထံမှ သိရသည်။
ခရိုင်ပြန်/ဆက်