တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့ သားဖွားသင်တန်းကျောင်း၌ သင်တန်းတက်ရောက်နေသည့် သင်တန်းသူများအား တွေ့ဆုံအားပေး

ပဲခူး အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ သားဖွားသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းတက် ရောက်နေသည့် သင်တန်းသူများအား တွေ့ဆုံအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သင်တန်းခန်းမ၌ သားဖွားသင်တန်း အပတ်စဉ်(၁၀၃)၊ ဒုတိယနှစ် သင်တန်းတက်ရောက်နေသည့် သင်တန်းသူ များအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး သင်တန်းကာလ (၆)လ အတွက် ဆန်၊ ဆီ၊ ပဲ၊ ဆားနှင့် သီးခြားထောက်ပံ့ငွေကျပ် (၁၀)သိန်းတို့အား ကျောင်းအုပ်ကြီးနှင့် သင်တန်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းစာသင်ဆောင်များ၊ လက်တွေ့ခန်း၊ ကျောင်းစာကြည့်တိုက်နှင့် ထမင်းစားဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ပဲခူးမြို့၊ သားဖွားသင်တန်းကျောင်း အပတ်စဉ်(၁၀၃)၊ ဒုတိယနှစ်သင်တန်းအား မြန်မာနိုင်ငံ အနှံ့အပြားမှ တိုင်းရင်းသားလူမျိုးပေါင်းစုံ တက်ရောက်သင်ကြားလျက်ရှိပြီး ယခုဒုတိယနှစ်သင်တန်းသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သတင်း ရရှိ သည်။

(တိုင်းဒေသကြီးပြန်/ဆက်)