ကော့သောင်း အောက်တိုဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်အား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အား ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ မြို့မအားကစားကွင်း၊ မိုးလုံလေလုံ ကြက်တောင် အားကစားခန်းမဆေးထိုးစုရပ်၌ စက်ရုံအလုပ်ရုံများမှ လုပ်သားများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှု ဖြင့် တပ်မတော်ဆေးတပ်ဖွဲ့များ၊ ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများ က ထိုးနှံပေးခြင်းဖြစ်သည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန်စာရင်းပေးထားသည့် မြို့နေပြည်သူ မည်သူ့ကို မဆို ထိုးနှံပေး ခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအထိ သတ်မှတ်ရက်များအလိုက် ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ယနေ့ထိုးနှံပေးမှုအဖြစ် ကော့သောင်းမြို့တွင်းရှိ စက်ရုံအလုပ်ရုံများ ဖြစ်သည့် ရေခဲစက်ရုံများ၊ လှေတည်ဆောက်ရေး လွန်းကျင်းအလုပ်ရုံ၊ သောက်ရေသန့်စက်ရုံ၊ ယာဉ်ပြုပြင်အလုပ်ရုံများ၊ အခြားပုဂ္ဂလိက အိမ်တွင်းစက်မှုလက်မှု အလုပ်ရုံအသီးသီးမှ ဝန်ထမ်း အလုပ်သမားများ၊ မိသားစုဝင်များ အပါအဝင် စာရင်းပေးသွင်းထားသူ (၁၀၀၀)ကျော်ခန့်ကို ထိုးနှံပေး ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)