ကြာအင်းဆိပ်ကြီးမြို့၌ အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ မိုဘိုင်းစနစ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၁၉

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်များရှိ အခြေခံလူတန်းစား များအား ကိုဗစ်ရောဂါ ဖြစ်ပွားနေမှု အခြေအနေအရ အဆင်ပြေစွာ စားသုံးနိုင်စေရေးအတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာ စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်ပြီး စီမံဆောင်ရွက်လျက်ရှိရာ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ရပ်ကွက်များအတွင်းသို့ မော်တော်ကားယာဉ်ဖြင့် သွားရောက်ပြီး မိုဘိုင်းစနစ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် မိုဘိုင်းစနစ်ဖြင့် လှည့်လည်ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဟန်က ကြီးကြပ်စီမံဆောင်ရွက်ပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦး‌ဝေလင်းညွှန့်နှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက် လှည့်လည်ပြီး အခြေခံစားသောက်ကုန် များအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၁)ပြည် ငွေကျပ် (၁၀၀၀)နှုန်းဖြင့် ဆန်(၃)ပြည်အထိ လည်းကောင်း ကြက်ဥတစ်လုံးလျှင် ငွေကျပ်(၁၀၀)နှုန်းဖြင့်(၁၀)လုံး အထိလည်းကောင်း ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ်(၃၅၀)နှုန်းဖြင့် (၂)ပိဿာအထိလည်းကောင် လွတ်လပ်စွာ ဝယ်ယူစားသုံး နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း၊ စည်းကမ်း လမ်းညွှန်ချက် များနှင့်အညီ ဈေးနှုန်းသက်သာစွာဖြင့် စီမံရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး