မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည်ရေလှောင်တမံ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိ

မြို့သစ် အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည်ရေလှောင် တမံရေပိုလွှဲမှ ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ လက်ရှိရေမှတ်မှာ(၅၆၀ ဒသမ ၆၀)ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် (သုည ဒသမ တစ်ပေခန့်)၊ စွန်ဆည်ရေလှောင်တမံ၏ လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၈၀) ပေရှိသည့် အတွက် ရေပြည့်အမှတ် ထက်(သုည ဒသမ ရှစ်ပေခန့်)ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိပြီး ပုလင်းဆည် ရေလှောင်တမံ၏ လက်ရှိရေမှတ်မှာ (၆၈၆ ဒသမ ၁၀)ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် (၁ ဒသမ ၁ပေခန့်) ရေပိုလွှဲမှ ဆက်လက်ရေကျော် ကျလျက်ရှိကြောင်း သိရသည်။

ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည်ရေလှောင်တမံများ၏  ရေပိုလွှဲမှရေကျော်ကျမှု ရှိသော်လည်းဆည် များ၏ ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်၍ ဆည်အောက်ပိုင်းရှိ ကျေးရွာနေ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)