ထားဝယ် အောက်တိုဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ အသက်(၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးဝင်းနိုင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အသက်(၁၂)နှစ်အထက် ကလေးငယ်များ (၁၂၀၉)ဦး စာရင်းလာရောက်ပေးထားပြီး ယနေ့အချိန်ထိ (၆၈၇) ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက ကျောင်းအပ်နှံထားပြီး ဆေးထိုးလိုသူ ကျောင်းသား၊ ကျောင်းသူများအား အမြန်ထိုးနှံပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ထိုးနှံပေးသည့် ဆေးအမျိုးအစားမှာ တရုတ်နိုင်ငံထုတ် Sinovac ဖြစ်ပြီး ဆေးထိုးနှံသည့် ကျောင်းသား/ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများ ကိုယ်တိုင်ကာကွယ် ဆေးထိုးနှံရန် သဘောတူကြောင်း ကိုယ်တိုင်ပုံစံဖြည့်စာရင်း သွင်းယူကြောင်း သိရှိရပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအတွင်း ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)