ဘားအံ အောက်တိုဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ဒုတိယနေ့အဖြစ် ယနေ့နံနက် (၉)နာရီအချိန်က ဆေးထိုးစုရပ်(၁၁)နေရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် အ-ထ-က(၂) ၊ အ-ထ-က(ခွဲ)၂၊ အ-ထ-က (တောင်ကလေး)၊ အ-ထ-က (ကော့ကဒါ)၊ အ-ထ-က(နောင်ကမြိုင်)၊ အ-ထ-က(ခွဲ)သံလှယ် ၊ အ-ထ-က(ဇာသပြင်)၊ အ-ထ-က(ခွဲ) အုန်းတပင်၊ အ-ထ-က(နောင်ပလိန်)၊ အ-ထ-က(တန်၉၀၀စက်ရုံ)၊ အ-ထ-က(ကော့မူးရာ) စသည့် ဆေးထိုးစုရပ်နေရာများတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမူရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်၊ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန်၊ မိသားစုနှင့်ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ ပညာသင် ယူမှု အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံထားပြီးသူ အသက်(၁၂) နှစ်နှင့်အထက် ကျောင်းသူ/ကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို အောက်တိုဘာလ ၁၇ ရက် နေ့မှ ၁၉ ရက်နေ့အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူဦးရေ (၁၀၃၆၀) ဦးကို စုရပ် (၉၁၁) နေရာတွင် ထိုးနှံပေးသွားရန် ပြင်ဆင် ဆောင်ရွက်ထားကြောင်း ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)