ပွင့်ဖြူမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး

 

ပွင့်ဖြူ      အောက်တိုဘာ      ၁၈

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပြီးသူများအား အောက်တိုဘာ ၁၈ ရက် ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးမှ သိရသည်။

အဆိုပါ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို လူဦးရေ ၅၀၀၀ အား ထိုးနှံ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သတ်မှတ်ဆေးထိုးစုရပ် များတွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ဆက်လက် ထိုးနှံဆောင်ရွက်ပေးခဲ့ရာ ဒေသခံပြည်သူ ၅၅ ဦး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရေးအတွက်  ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ပြည်သူများနှင့် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု ဖြင့်  ရပ်ကွက်/ကျေးရွာများအလိုက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိ၍ ဒေသခံပြည်သူများက မိမိတို့နယ်မြေအလိုက် ဆေးထိုးစုရပ်များတွင် စိတ်အေးချမ်းစွာ လာရောက် ထိုးနှံကြကြောင်း သိရပြီး အောက်တိုဘာ (၁၄)ရက်နေ့မှ ယနေ့အထိ ဒုတိယအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၄၃၇၉ ဦး ရှိပြီဖြစ်ကြောင်းနှင့် ဆေးထိုးရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )