ပွင့်ဖြူ အောက်တိုဘာ ၁၈
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့က မိုးသက်လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လူနေအိမ်(၆၀)ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ် အနောက်ကိုင်းကျေးရွာအုပ်စု ၊ အနောက်ကိုင်း ကျေးရွာ ၊ ရွာသာကုန်းကျေးရွာ ၊ ပန်းတုန်းလေးကျေးရွာ ၊ ရွာသစ်ကြီးကျေးရွာ ၊ စည်ပင်သာယာကျေးရွာ ၊ ရွာသာညွန့် ကျေးရွာ ၊ စံပြကွက်သစ်ကျေးရွာတို့တွင် လူနေအိမ် ၆၄ လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီးခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၁၉၇၀၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အခြားလူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်လူနေအိမ်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )