ပွင့်ဖြူမြို့နယ်အတွင်း ကျောင်းသားကျောင်းသူများ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှု

 

ပွင့်ဖြူ      အောက်တိုဘာ       ၁၈

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများမှ အသက် (၁၂)နှစ် အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေးအတွက် ဆေးထိုးစုရပ်(၇) နေရာခွဲပြီး ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၈ ရက် ၊ ယနေ့ နံနက်ပိုင်းက မင်းဘူးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း နှင့် တာဝန်ရှိသူများအဖွဲ့က လာရောက်ကွင်းဆင်း ကြည့်ရှုစစ် ဆေးပြီး  လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှေးဦးစွာ ပွင့်ဖြူ မြို့နယ် လယ်ကိုင်းကျေးရွာ(အ.ထ.က)ကျောင်း ဆေးထိုးစုရပ်တွင် ကျောင်းသားကျောင်းသူများ ကာကွယ်ဆေးထိုးနှံ ပေးနေမှုအား ကြည့်ရှုစစ်ဆေးရာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေး တို့က မြို့နယ်အတွင်း ဆေးထိုးစုရပ်များအလိုက် ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေအား ရှင်းလင်း ဆွေးနွေးတင်ပြ ခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းနေအရွယ်ကလေးများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရန်နှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိရေးအတွက် ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသည့် ကျောင်းသားကျောင်းသူများအား ဆက်လက်ထိုးနှံပြီးစီးရေး ကြိုးပမ်း ဆောင်ရွက်ရန် ဆွေးနွေး မှာကြား ခဲ့သည်။

 

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာကျောင်း တော်ရာဘုရားကြီးသို့ ရောက်ရှိပြီး ဘုရားဝန်းအတွင်း ကျောင်းသားကျောင်းသူများ ကာကွယ် ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် မိုးသက်လေပြင်းတိုက်ခတ်မှု ကြောင့် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီး စိန်ဖူးတော် ငှက်မြတ်နားတော်နှင့် အရံစေတီ(၈)ဆူ ထိခိုက်ပျက်စီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ  ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ပြုပြင်ရန်အတွက် စီစဉ်ဆောင်ရွက်ထား ရှိမှုအား ဆွေးနွေးတင်ပြခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း က တင်ပြချက်များအပေါ် လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။    

 

ရဲဝင်းနိုင် ( ညောင်ဦး )