မြိတ်မြို့ရှိ မြိတ်တောင်ချောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ကုန်း/ရေနှစ်တန်သွား ဘက်ဟိုး(မြေတူးယာဉ်)ဖြင့် တူးဖော်ဆောင်ရွက်

မြိတ်   အောက်တိုဘာ  ၁၈

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မြိတ်တောင်ချောင်းသည် ပင်လယ်ဒီရေအတက်အကျနှင့် မိုးရေများကြောင့် သဲများ၊ နှုန်းမြေများ၊ အမှိုက်များကြောင့် ချောင်းတိမ်ကောမှုများ ဖြစ်လျက် ရှိရာ ရေစီးရေလာကောင်းမွန် စေရေးနှင့် တိမ်ကောမှုမရှိစေရေးအတွက် မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ ကုန်း/ရေနှစ်တန်သွား ဘက်ဟိုး (မြေတူးယာဉ်)ဖြင့်  ယမန်နေ့က စတင်တူးဖော်ဆောင်ရွက်လျက်ရှိသည်။

 

“မြိတ်တောင်ချောင်းသည် မြေထိန်းနံရံမရှိတဲ့အတွက် တဖြေးဖြေးတိမ်ကောလာ၍ တံတား နဲ့ချောင်းဟာ ထိလုနီးပါးဖြစ်ပြီး ရေစီးရေလာအခက်အခဲရှိပါတယ်။ စက်မှုဇုံသွားတဲ့ တံတားကို အခြေပြု၍ ချောင်းအောက် ပိုင်းကို ရန်ပုံငွေလျာထားမှုအပေါ်မူတည်ပြီး တူးဖော်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ အဓိကအားဖြင့် ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်တဲ့အခါမှာ ပင်မရေမြောင်းဖြစ်နေတဲ့ ဒီချောင်းကြီးက ရေစီးရေလာအဆင်ပြေမှသာ ရပ်ကွက်အတွင်းရှိ ရေမြောင်းများမှ ရေတွေလည်း စီးဆင်းနိုင်မှာဖြစ်ပါတယ်”ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုးက ပြောသည်။

 

မြိတ်တောင်ချောင်းသည် (၂)မိုင်ကျော်ရှည်၍ မြိတ်တောင်ကျေးရွာအုပ်စုနှင့် မြိတ်တောင် ရပ်ကွက်ရှိ လူဦးရေထူထပ်သည့် ရပ်ကွက်များအတွင်း  ဖြတ်သန်းစီးဆင်းလျက်ရှိပြီး ပင်လယ် ဒီရေရောက်ရှိ၍ ဒီရေအတက် နှင့် မိုးရွာသွန်းမှုများသည့်အချိန်၌ ချောင်းရေလျှံမှုဖြစ်ကာ ရပ်ကွက်လမ်းများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားကြောင်း၊ ချောင်းအတွင်း ပင်လယ်ဒီရေ ရောက်ရှိမှုနှင့် မိုးရေများကြောင့် သဲများ၊ နှုန်းမြေများ၊ အမှိုက်များ၊ ချောင်းမြေထိန်း နံရံမရှိခြင်းတို့ကြောင့် ချောင်းတိမ်ကောမှုများ ဖြစ်နေသည့်နေရာများအား ရေစီးရေလာ ကောင်းမွန် စေရေးအတွက် ချောင်းတူးဖော်ရေးလုပ်ငန်းကို စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ဝယ်ယူထားသည့် ကုန်း/ရေ နှစ်တန်သွား ဘက်ဟိုး(မြေတူးယာဉ်) တူးဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ကုန်း/ရေနှစ်တန် သွားဘက်ဟိုး(မြေတူးယာဉ်)သည် CAT 307.5 AM 80 အမျိုးအစားဖြစ်ပြီး ယာဉ် အကျယ်သည် (၁၁)ပေ(၁)လက်မရှိကာ (၁၃)ပေ(၉)လက်မအထိ ချဲ့ကားနိုင်ကြောင်း၊ ထို့အတူ ယာဉ်တွင်ရေလုံ ဗောနှစ်ဖက်မတပ်ဆင်ဘဲ ရေအနက်(၁.၁)မီတာဆင်း၍ တူးဖော်နိုင်ပြီး ယာဉ်တွင်ရေလုံ ဗောနှစ်ဖက်တပ်ဆင်၍ ရေအနက်(၂.၅)မီတာရှိသည့် ချောင်းအတွင်း ဆင်း၍မောင်းနှင်နိုင်ကာ ယာဉ်မှာပါရှိသည့်လက်တံဖြင့် အနက်(၁၂) ပေ(၆)လက်မထိ တူးဖော် နိုင်ကြောင်း  မြိတ်စည်ပင်မှ သိရသည်။

 

ခိုင်ထူး