ဘုတလင် အောက်တိုဘာ ၁၈
ဘုတလင်မြို့နယ်တွင် အသက်(၁၂)နှစ်အထက်၊ အသက်(၁၈)နှစ်အောက် ကျောင်းသား/ကျောင်းသူ (၄၇၄)ဦး အား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက်(၈)နာရီ အချိန်က ဘုတလင်မြို့နယ်OSSရုံးတွင် စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အတွင်း သက်ဆိုင်ရာအုပ်စုအလိုက် သတ်မှတ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်နှင့်အညီ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသိုကာကွယ်ဆေးလာရောက်ထိုးနှံရာတွင် ဆေးလာရောက်ထိုးနှံသူ အထက(ဘုတလင်)ကျောင်းမှ Grade (8)ကျောင်းသားတစ်ဦးဖြစ်သော မောင်ဝဏ္ဏအောင် က " သားကတော့ အထက (ဘုတလင်)ကျောင်းမှာ ပညာသင်ကြားနေတဲ့ မောင်ဝဏ္ဏအောင်ပဲ ဖြစ်ပါတယ်ခင်ဗျ။ သား ဒီနေ့ ကာကွယ်ဆေးလာရောက် ထိုးနှံတာ ကတော့ အိမ်က မိဘတွေလည်း ပါတယ်။ အမေ တို့က ကာကွယ် ဆေးထိုးရမယ်လို့ပြောတော့ နည်းနည်းတော့ ကြောက်စိတ်ဝင်မိတယ်ခင်ဗျ။ အမေတို့ အဖေ တို့က သေချာရှင်းပြတော့ သားလည်း လာပြီးထိုးဖြစ်တာပါ။ အခုဆေးထိုးပြီးတော့ သား ထင်သလို နာကြင်မှုလည်းမရှိဘူး။ ဆေးထိုးပြီးသွားတော့ လုံခြုံမှုရှိသွားတယ်လို့လည်း ခံစားရပါတယ်။ မကြာခင် ကျောင်းပြန်ဖွင့်မယ်လို့ သိရတော့ သား ပျော်တယ်ခင်ဗျ။ သူငယ်ချင်းတွေနှင့်လည်း ပြန်ဆုံတွေ့ရမယ်။ စာတွေလည်း ပြန်သင်ကြရတော့မယ်ဆိုတော့ ဝမ်းသာတာပေါ့။ အခု ကာကွယ်ဆေးလာထိုးတာတောင် သားရဲ့ သူငယ်ချင်း ညိုလင်းခန့် ရော၊ သူငယ်ချင်းရဲ့ မေမေ ရောပါတယ်ဗျ။ ဒါကြောင့် အခြားကျန်ရှိနေတဲ့ သူငယ်ချင်းများလည်း ဘာမှ မစိုးရိမ်ပဲနဲ့ ကာကွယ်ဆေးကို လာရောက်ထိုးနှံကြပါလို့ ပြောချင်ပါတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်ခင်ဗျ" ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်လဝက ဦးစီးမှူးနှင့် အခြားဌာနဆိုင်ရာများက ပူပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူထံမှသိရသည်။
ဘုတလင်