မြို့မိ၊ မြို့ဖ ဒေသခံအလှူရှင်များ စုပေါင်းလှူဒါန်းထားသော အောက်စီဂျင်ထုတ်စက် စတင်လည်ပတ် ထုတ်လုပ်လျက်ရှိ

 

တောင်တွင်းကြီး၊ အောက်တိုဘာ   ၁၈

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အောက်စီဂျင်အရေးပေါ်လိုအပ်မှု များကိုဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရန် စိတ္တသုခလူမှုကူညီရေးအသင်းရုံးအတွင်း၌ တည်ဆောက်ထားသော အောက်စီဂျင်စက်ရုံအတွက် မြို့မိ၊ မြို့ဖ ဒေသခံအလှူရှင်များ စုပေါင်းလှူဒါန်းထားသော (၁၂၀၀)သိန်းခန့် တန်ဘိုးရှိအောက်စီဂျင်ထုတ်စက် (Oxygen Plant) သည် စတင်လည် ပတ်မောင်းနှင်လျက် ရှိရာမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်ခိုင်ထွန်းနှင့် အဖွဲ့ဝင်များကကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါအောက်စီဂျင်စက်မှာ မြို့မိ၊ မြို့ဖ ဒေသခံအလှူရှင်များ လှူဒါန်းထားပံ့ထားသည့် တရုတ်နိုင်ငံထုတ် MINNUO MOdel MNPO.20 Oxygen Plant အမျိုးအစားဖြစ်ပြီး (၁)နာရီခွဲကို အောက်စီဂျင် (၄၀)လီတာ(၅)လုံး ထွက်ရှိကြောင်း၊ အောက်စီဂျင်စက်တပ်ဆင်ခြင်းနှင့် စမ်းသပ်မောင်းနှင်ခြင်းတို့ကို JIangsu MINNUO CO., LIMITED က ကျွမ်းကျင်ပညာရှင်များ စနစ်တကျတပ် ဆင်ကြကြောင်းနှင့် ယနေ့နံနက်က စတင်မောင်းနှင် လည်ပတ်ရာ အောက်စီဂျင်(၄၀)လီတာ အလုံး (၈၀) မှ (၁၂၀) လုံးအထိ ဖြည့်တင်းဆောင်ရွက်နိုင်ခဲ့တယ်လို့ အောက်စီဂျင် စက်ရုံဆောက်လုပ်ရေး ကော်မတီအတွင်းရေးမှူး၏ ပြောပြချက်အရ သိရသည်။

 

အဆိုပါအောက်စီဂျင်စက်မှာ (၂၄ )နာရီတွင် အောက်စီဂျင် (၄၀)လီတာ (၁၂၀) လုံးခန့်ထွက်ရှိသဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ၏ အောက်စီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

တောင်တွင်းကြီး