ကရသူရိ အောက်တိုဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် အသက်(၁၂)နှစ်နှင့်အထက်၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများ အား (Sinovac) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ထိုးနှံပေးရာတွင် တိုက်နယ်တာဝန်ခံ ဆရာဝန်ဒေါက်တာကျော်လင်းထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သားဖွားဆရာမ တပ်ကြပ်ကြီး သော်တာခိုင်တို့ ပူးပေါင်းပြီး အသက်(၁၂) နှစ်ပြည့်ပြီး၊ အသက်(၁၈)နှစ် မကျော်သူများကို မိဘအုပ်ထိန်းသူများ၏ သဘောတူညီခွင့်ပြုချက်ဖြင့် (Sinovac) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စတင်ထိုးနှံပေးခြင်းဖြစ်ကြောင်း ကာကွယ်ဆေး ထိုးနှံပြီး ဘေးအန္တရာယ် တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် နာရီဝက်ကြာ စောင့်ကြည့်ပြီးမှသာ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။
ကရသူရိမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် (Sinovac) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျောင်းသား/သူပေါင်း (၁၃၆) ဦးရှိပြီး ယနေ့နံနက်ပိုင်းမှ စတင်ထိုးနှံပေးလျက်ရှိရာ အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်နှင့် ကျောင်းအုပ်ဆရာကြီး ဦးဆန်းစိုးတို့က ကြီးကြပ်၍ ဆရာ/ဆရာမများ၊ မြို့အဆင့်ဌာနဆိုင်ရာများနှင့်တပ်မတော်သားများက ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးအေးသန်း