ခင်ဦးမြို့နယ်၌ အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ခင်ဦး အောက်တိုဘာ ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသက် (၁၂) နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အောက်တိုဘာလ ၁၈ ရက် နံနက် ၁၀ နာရီက ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာစန်းယုကိုနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးသန်းဆွေ၊ မြို့နယ်ကြက်ခြေနီအဖွဲ့တို့က လာရောက်ကူညီ အားပေးခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ တက္ကသိုလ်ဝင်တန်းတက်ရောက်နေသည့် ကျောင်းသူ၏ မိခင် ဒေါ်သီတာမောင်က "ကျွန်မတို့မိသားစုအားလုံး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံကတည်းက ကာကွယ်ဆေး ထိုးနှံထားပြီးဖြစ်ပါတယ်၊ သမီးတစ်ယောက်ထဲ အသက် (၁၈) နှစ်မပြည့်သေးတဲ့အတွက် ကိုဗစ် ကာကွယ်ဆေး မထိုးနှံရသေးတဲ့အတွက် သမီးအတွက် စိတ်ပူမိပါတယ်။ ယခုလို အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေပြီ ဖြစ်တဲ့အတွက် သမီးကိုလာရောက် ထိုးနှံပေးတာဖြစ်ပါတယ်။ ယခု ကာကွယ်ဆေး ထိုးနှံပြီးပြီဖြစ်တဲ့အတွက် စောစောက သမီးအတွက် စိုးရိမ်ပူပန်မှုတွေ မရှိတော့ပါဘူး။ နိုင်ငံတော်ကိုလည်း ကျေးဇူးတင်ပါတယ်၊ ဆေးထိုးပေးတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ပါတယ်"

 

သမီးကတော့ ဗအိုးကျေးရွာ မူလွန်ကျောင်းမှာ ပညာသင်ကြားနေတဲ့ သတ္တမတန်းကျောင်းသူ မကေသွယ်ဦး ဖြစ်ပါတယ်ရှင်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက် (၁၂) နှစ် အထက်ထိုးနှံပေးမယ်ဆိုတာကို တီဗွီထဲနဲ့ လူကြီးတွေ ပြောနေတာကြားရပါတယ်။ ယခု ခင်ဦးမြို့ အထက ကျောင်းမှာ ထိုးနှံပေးနေတာကို ဆရာမက အကြောင်းကြားတဲ့အတွက် မိဘကလိုက်ပို့တဲ့အတွက် ထိုးနှံပြီးဖြစ်ပါတယ်ရှင်။

 

သမီးကတော့ ခင်ဦးမြို့ အထက ကျောင်း Great-10 မှာ ပညာသင်ကြားနေတဲ့ မနိုင်နိုင်အေး ဖြစ်ပါတယ်။ သမီးတို့မိသားစုအားလုံး ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ပါတယ်၊ သမီးက (၁၈) နှစ်မပြည့် သေးတဲ့အတွက် ကာကွယ်ဆေးမထိုးနှံရသေးပါဘူး၊ အခုလို အသက် (၁၂) နှစ် အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးတဲ့အတွက် လာရောက်ထိုးနှံခြင်း ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားရင် ရောဂါ ကူးစက်ရင်တောင် ပြင်းပြင်းထန်ထန် မဖြစ်ဘူးလို့ သိရပါတယ်။ ကျောင်းတွေပြန်ဖွင့်ရင် သူငယ်ချင်းတွေနဲ့ ကျောင်းအတူတူတက် ရအောင် သူငယ်ချင်းတွေအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက် ထိုးနှံကြ ပါလို့ ပြောချင်ပါတယ်ရှင်။

 

ခင်ဦးမြို့နယ်တွင် အသက်  (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၉၆၀) ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် စုရပ် (၆) ခု ခွဲထိုးရန် စီစဉ်ထားကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)