ကော့သောင်း အောက်တိုဘာ ၁၈
ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့က အောင်သုခရပ်ကွက်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြတ်ရတာနာခန်းမတွင် စတင်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးအား မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းများ ရှိ ကျောင်းအပ်နှံထားသူများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် ကျောင်းအပ်နှံ ထားသူများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ အသက်(၁၂)နှစ်ပြည့်ပြီး အသက်(၁၈)နှစ် မကျော်သူများကို မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac အား ပထမအကြိမ်အဖြစ်ထိုးနှံပေးခြင်း ဖြစ်သည်။
ကာကွယ်ဆေးထိုးသည့် စုရပ်သို့ ကော့သောင်းခရိုင်၊ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့်တာဝန်ရှိသူများ လာရောက်ကြည့်အားပေးသည်။
ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကျောင်းသား ၊ ကျောင်းသူများကို ကာကွယ် ဆေးထိုးနှံပြီး နောက်ဆက်တွဲပြဿနာ၊ အန္တရာယ်တစ်စုံတစ်ရာရှိမရှိ သိရှိနိုင်ရန် နာရီဝက် စောင့်ကြည့်ပြီးမှသာ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်းနှင့် ဆေးထိုးပြီး ၂၄ နာရီအတွင်း တစ်စုံတစ်ရာ ထူးခြားမှုရှိပါက ချက်ချင်းသတင်းပေးပို့ အကြောင်းကြားနိုင်ရန် ဆောင်ရွက် ထားကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အနေဖြင့် ဆေးထိုးစုရပ်(၁၂)ခုစီစဉ်ထားကာ အခြေခံပညာကျောင်းပေါင်း (၆၄)ကျောင်းမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူပေါင်း (၂၅၉၃)ဦးကို စုရပ် အသီးသီးတွင် သတ်မှတ်နေ့ရက်များအလိုက် အောက်တိုဘာလ ၂၃ ရက်နေ့အထိ ထိုးနှံပေး သွားမည်ဖြစ်ပြီး ယနေ့ ဆေးထိုးစုရပ်ဖြစ်သည့် အထက(၁)ကျောင်းတွင် ကော့သောင်းမြို့ပေါ် ရပ်ကွက်များရှိ အခြေခံပညာကျောင်း ပေါင်း(၁၀)ကျောင်းမှ ကျောင်းသား/သူ(၃၃၀)ဦးကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)