သရက်မြို့၌ ပြည်သူများ ကျန်းမာရေးအသိဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ လာရောက် ထိုးနှံလျက်ရှိရာ ( ၉၁၂၉ ) ဦး ဆေးထိုးနှံပြီးစီး

သရက်  အောက်တိုဘာ  ၁၈

 

မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို  ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ ကျန်းမာရေးအသိဖြင့် လာရောက်ထိုးနှံနေကြသဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ယနေ့ နံနက် ၉ နာရီက ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင်  ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သရက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ဆရာတော် သံဃာတော်များနှင့် ပြည်သူ များအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ်၊ ပထမအကြိမ် ဆေးထိုးနှံရန် ကာကွယ်ဆေး (၃၅၀၀)လုံး ထပ်မံရရှိခဲ့၍ စုစုပေါင်းလူဦးရေ(၁၇၅၀၀)ဦးအား  ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို  နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီနှင့် နေ့လည် ၁ နာရီမှ ညနေ ၃ နာရီအထိ  ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး  မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ ကာကွယ်ဆေးထိုးရန် သတ်မှတ်စုရပ်နေရာ (၆) ခုဖြစ်သော ရွှေသက်လွတ်ဘုရားဝန်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမ၊ ထုံးတောင်ကျေးရွာ၊ တလပါးကျေးရွာ၊ အလပ်လယ်ကျေးရွာနှင့် ဘော်ကျေးရွာတို့တွင် ခရိုင်နှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆေးထိုးနှံရန်ကျန်ရှိနေသူများအား  ဆက်လက်ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၁၇ ရက်နေ့အထိ တတိယအသုတ် (ပထမအကြိမ်)အဖြစ် လာရောက်ထိုးနှံသူ (၉၁၂၉) ဦး အား ဆေးထိုးနှံပြီးစီးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)