ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက် (၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံသည့်နေ့တွင် လာရောက်ထိုးနှံသူများပြား

ကော့ကရိတ်  အောက်တိုဘာ ၁၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက် (၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသူများအား ပထမအကြိမ် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ဆေးထိုးစုရပ် (၅)နေရာ၌ စတင်ထိုးနှံပေးရန် လျာထားသော်လည်း လာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူဦးရေ များပြားသောကြောင့် ဆေးထိုးစုရပ် (၁၃)နေရာ ပြန်လည်သတ်မှတ်၍ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။    

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက “ကျွန်တော်တို့ ကော့ကရိတ်မြို့နယ်မှာ ပထမတုန်းကတော့ ၁၂နှစ် နှင့်အထက် ကျောင်းသား၊ ကျောင်းသူတွေ ဆေးထိုးမည့်နေရာကို တိုက်နယ်အလိုက် ဆေးထိုးစုရပ်ကို ၅ နေရာ လောက်ဘဲ လျာထားခဲ့တာပေါ့။ ယခုအချိန်မှာတော့ ကျောင်းသား၊ ကျောင်းသူဦးရေအပေါ် မူတည်ပြီးတော့ နီးစပ်ရာနီးစပ်ရာ ကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေလာဖို့ အဆင်ပြေမယ့်နေရာ(၁၃)နေရာလောက်ကို လျာထား သတ်မှတ်ပြီးတော့ ဆေးထိုးပေးလျက်ရှိပါတယ်။ ဆေးထိုးနှံတဲ့အခါမှာလည်း ပညာရေးဌာနနဲ့ ညှိနှိုင်းပြီး တော့ ကျောင်းအလိုက်ကို ဘယ်နှစ်နာရီနဲ့ ဘယ်နှစ်နာရီကြားဆိုပြီးတော့ နာရီအလိုက် အချိန်လေး သတ်မှတ်ပြီးတော့ ယခုလို အောင်အောင်မြင်မြင်နဲ့ ထိုးနှံနိုင်တာဖြစ်ပါတယ်။ ကျွန်တော်တို့ (SOP) အတိုင်းဘဲ အေးအေး ဆေးဆေး ထိုးနှံနိုင်တယ်။ မြန်မြန်ဆန်ဆန်နဲ့ ပြီးတာပေါ့” ဟု ပြောကြားသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်အုပ်ချုပ် ရေးမှူး၏ ဦးကျော်ကျော်ဦး၏ လမ်းညွှန်မှုဖြင့် ခရိုင်ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာတင်ထွန်းဇော် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ် ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက် / ကျေးရွာများရှိ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံထားပြီးသူ အသက် (၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

အမှတ် (၄)ရပ်ကွက် ကျောင်းသားမိဘတစ်ဦးက “ယခုလို ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးတဲ့အတွက် မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကလေးကို ကျောင်းပြန်တက်တဲ့ အချိန်မှာရော လူကြားသွားမိတဲ့အချိန်မှာရော ဒီရောဂါအတွက် လုံခြုမှုရရှိတယ်လို့ ခံစားရတာပေါ့။ယခုလို ကာကွယ်ဆေးထိုးပေးတဲ့အတွက်လည်း ဝမ်းသာ မိပါတယ်။ ကျောင်းသားမိဘတိုင်းလည်း မိမိတို့ သား၊ သမီးများကို   ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လာရောက် ထိုးနှံပေးဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောကြားသည်။ အမှတ် (၄)ရပ်ကွက်ရှိ ကျောင်းသူတစ်ဦးကလည်း “သမီး ကတော့ အထက (၁)ကျေင်းမှာ ပညာသင်ကြားနေပါတယ်ရှင်။ သမီးအနေနဲ့ကတော့ ယခုလို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးလို့ ကျောင်းပြန်တက်ရတော့မှာမို့ အရမ်းဝမ်းသာမိပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို အောက်တိုဘာ ၁၇ရက်နေ့မှ ၁၉ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန် / ဆက်)