ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း/အထက်တန်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်း

ကော့သောင်း အောက်တိုဘာ ၁၈

ဒေါ်သန်းစိုး(ပညာရေးမှူး)

ကော့သောင်းမြို့နယ်

မေး။ ။ ဆရာမကြီးရှင့်၊ အခု ကော့သောင်းမြို့ မှာ ၊အခြေခံပညာ ကျောင်းတွေက ကျောင်းသား/ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စထိုးပေးတဲ့ကျောင်းအရေအတွက်၊ ကျောင်းသား/ကျောင်းသူ အရေအတွက်ကို သိပါရစေရှင့်။

ဖြေ ။ ။ ကော့သောင်းမြို့မှာရှိတဲ့အခြေခံပညာကျောင်းပေါင်း(၆၄)ကျောင်းက ကျောင်းသား/ သူပေါင်း (၂၅၉၃)ဦးကို ဆေးထိုးပေးပို့စီစဉ်ထားပါတယ်၊ ဆေးထိုးပေးမယ့် ကျောင်းသား/ကျောင်းသူတွေကတော့ မြို့နယ်အတွင်း အလယ်တန်းနှင့် အထက်တန်းကျောင်းတွေ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း တွေမှာ ကျောင်းအပ်နှံထားတဲ့ အသက်(၁၂)နှစ်ပြည့်ပြီး အသက်(၁၈)နှစ်ထက်မကျော်သူတွေကို ထိုးပေးမှာဖြစ်ပါ တယ်။

မေး။ ။ အခုကျောင်းသူ/သားတွေကို ဆေးထိုးပေးတဲ့ ဆေးထိုးစုရပ်ဘယ်နှစ်ခုလောက် စီစဉ်ထားပါသလဲ၊ ထိုးပေးမယ့် ကာကွယ်ဆေးအမျိုးအစားကိုလည်း သိပါရစေရှင့်။

ဖြေ။ ။ ကျမတို့ကော့သောင်းမြို့မှာဆေးထိုးစုရပ် (၁၂)ခုသတ်မှတ်ထားပါတယ်၊ အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထကဆယ်မိုင်ရွာ၊ အထက-မလိဝမ်းရွာ၊အလကခွဲ-ချန်းဖန်းရွာ၊ အလကခွဲ-အော်ကြီး၊ အထက အောင်ဘာရွာ၊ အထကခမောက်ကြီးမြို့၊ အထက-အေးချမ်းသာရွာ၊ အလကခွဲ-မာရမ်းရွာ၊ အထက-ဇာဒက်ကြီးကျွန်းတို့ ဖြစ်ပါတယ်၊ ထိုးပေးမှာကတော့ တရုပ်နိုင်ငံကထုတ်လုပ်တဲ့ Sinovac ဆေးအမျိုးအစားဖြစ်ပါတယ်။

မေး။ ။ ကာကွယ်ဆေးမထိုးသင့်တဲ့ ကျောင်သား/ကျောင်းသူ အမျိုးအစားလေး သိပါရစေရှင့်။

ဖြေ။ ။ အဲ့ဒီကာကွယ်ဆေးကိုတော့ အသက်(၁၂)နှစ်မပြည့်သေးတဲ့သူတွေနဲ့ အသက်၁၈နှစ် ကျော်သွားတဲ့ ကျောင်းသား/သူတွေ၊ ဆေးနဲ့ဓာတ်မတည့်သူတွေ၊ သွေးဥမွှာ လျော့နည်းသူတွေ၊ သွေးမတိတ်ရောဂါရှိသူတွေ၊ ခန္ဓာကိုယ်ခုခံအားစနစ် အားနည်းနေသူတွေ၊ ဆီးချိုရောဂါ၊ အတက်ရောဂါ၊ ဦးနှောဏ်နဲ့အာရုဏ်ကြောရောဂါ ရှိသူတွေကို မထိုးပေးပါဘူး၊ ဒါ့အပြင် ဆေးထိုးမယ့်နေ့မှာဖျားနေတဲ့သူကိုလည်း ယာယီအားဖြင့် ဆေးထိုးပေးမှာ မဟုတ်ပါဘူး။

မေး။ ။ အခုလိုကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးတဲ့နေရာမှာ ကျောင်းသူ/သားတွေရဲ့ မိဘအုပ်ထိန်းသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားတဲ့ အခြေအနေလေးတွေကိုလဲသိပါရစေရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ပါ ကော့သောင်းမြို့နယ်မှာ ဆေးမထိုးခင်ကတည်းက မြို့နယ်အတွင်းမှာရှိတဲ့ ကျောင်းတွေက ဆေးထိုးခံမယ့်ကျောင်းသားမိဘတွေဆီကို ဆေးထိုးတာနဲ့ပတ်သက်ပြီး ဆိုးကျိုးကောင်းကျိုးတွေကို ကြိုတင် အသိပေးထားချက်တွေ၊ ဆေးထိုးဖို့သဘောတူညီချက်တွေ ပါတဲ့ စာမျက်နှာသုံးမျက်နှာရှိတဲ့ စာတွေ သက်ဆိုင်ရာ ကျောင်းအလိုက် ကျောင်းအုပ်ကြီးတွေက တစ်ဆင့် ဖြန့်ဝေပေးထားပြီးပါပြီ။ အဲ့ဒီစာကိုမိဘတွေအနေနဲ့ ဖတ်ရှုလေ့လာပြီး မိမိသားသမီးကို ဆေးထိုးဖို့သဘောတူရင် သဘောတူခွင့်ပြုတဲ့ လက်မှတ်ရေးထိုးပြီး ဆေးထိုးမယ့် နေ့မှာ တစ်ပါတည်း ယူဆောင်လာရပါ့မယ်၊ နောက်ကျောင်းသားတစ်ဦးကို မိဘအုပ်ထိန်းသူတစ်ဦးပါ လိုက်ပါလာ ရပါမယ်၊ မှတ်မုံတင်ပြုလုပ်ထားပြီးတဲ့ ကျောင်းသားဆိုရင် မှတ်ပုံတင်ပါ ယူလာရပါ့မယ်၊ ဒါ့အပြင် မွေးသက္ကရာဇ်အမှန် ဖော်ပြနိုင်ဖို့အတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးက ထောက်ခံဆောင်ရွက်ချက်ပါ ယူဆောင်လာရမယ်လ စီစဉ်ထားပါ တယ်။

မေး။ ။ ဟုတ်ကဲ့ပါ၊ နောက်ဆုံးအနေနဲ့ အခု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီး ကျောင်းသား/သူတွေ အားလုံး ပါဝင်လာစေဖို့အတွက်အကြံပြုစကားလေးပြောကြားပေးပါရှင်။

ဖြေ။ ။ ဟုတ်ကဲ့ပါ၊ ကျောင်းသားမိဘတွေအနေနဲ့ မိမိကလေးတွေကို ဆေးထိုးဖြစ်အောင် ထိုးကြဖို့အထူးတိုက်တွန်း လိုပါတယ်။ ဆေးမထိုးချင်တဲ့သူတွေကိုတော့ အတင်းအကျပ်တော့ မထိုးခိုင်းပါဘူး၊ သက်ဆိုင်ရာမိဘအုပ်ထိန်းသူက သဘောမတူရင်ထိုးမပေးပါဘူး၊ ဆေးမထိုးပေမယ့် ကျောင်းလာအပ်ခဲ့လို့ရှိရင် ကျမတို့ကတော့ကျောင်းအပ် လက်ခံပေးမှာပါ၊ အခုကမ္ဘာနဲ့အဝှမ်းကူးစက်ဖြစ်ပွားနေတဲ့ ဒီကိုဗစ်၁၉ရောဂါဟာ အရမ်းစိုးရိမ်စရာ ကောင်းပါတယ်၊ ဆေးထိုးတာနဲ့ ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးထက် ကောင်းကျိုးတွေက ပိုများပါတယ်၊ အခုထိုးပေးမယ့် ကာကွယ် ဆေး Sinovac ဟာဆိုရင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အသိအမှတ်ပြုထားတဲ့အတွက် မိမိရဲ့ရင်သွေး သားသမီး ငယ်လေးတွေ ရောဂါဘယ ကင်းဝေးစွာနဲ့ ပညာသင်ကြားနိုင်ဖို့ အနာဂါတ်ဘဝတွေသာယာလှပဖို့ ကာကွယ်ဆေးကို ထိုးဖြစ်အောင် ထိုးကြပါလို့ တိုက်တွန်းလိုပါတယ်ရှင်။

ဦးဝင်းကိုကို

(ကျောင်းသားမိဘအုပ်ထိန်းသူ)

မေး ။ ။ မင်္ဂလာပါရှင်၊အမည်နေရပ်လိပ်စာ လေးတွေကိုသိပရစေရှင့်။

ဖြေ။    ။ ဟုတ်ကဲ့ပါ ကျွန်တော်နာမည် ဦးဝင်းကိုလို့ ခေါ်ပါတယ်၊ ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ မြသီတာ လမ်း၊ အိမ်အမှတ်၂၀၇ မှာနေပါတယ်။

မေး။ ။ အစ်ကိုမှာ ကျောင်းတက်နေတဲ့ ကလေးဘယ်နှစ်ဦးလောက်ရှိပါလဲ။

ဖြေ။    ။ ဟုတ်ကဲ့ (၃)ဦးရှိပါတယ် သမီးအကြီးဆုံးက ကိုးတန်းကျောင်းသူပါ၊ နောက်သားက ခုနှစ်တန်းကျောင်းသား ပါ၊ ပြီးတော့ သားအငယ်ဆုံးလေးက ပထမတန်းမှာ ပညာသင်ကြားနေပါတယ်။

မေး။ ။ အခုဆေးထိုးပေးမယ်နေရာမှာ အစ်ကိုရဲ့ကလေးကို ဘယ်လိုရည်ရွက်ချက်၊ ဘယ်လိုဆုံးဖြတ်ချက်တွေနဲ့ ဆေးလာထိုးပေးတာလဲဆိုတာလေးလည်းသိပရစေရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ပါ အခုသိတဲ့အတိုင်း ကိုဗစ်-၁၉ ရောဂါဟာ ကမ္ဘာနဲ့အဝှမ်း ကူးစက်ဖြစ်ပွာနေတဲ့အပြင် ကျနော်တို့မြို့မှာလည်း ကူးစက်မှုမြှင့်တက်ဖြစ်ပေါ်ကာ အသက်ဆုံးရှုံးမှုတွေ နေ့စဉ်တွေ့နေရတော့ အလွန်ပဲစိုးရိမ်မိ ပါတယ်၊ ကျနော်တို့ကတော့ ကာကွယ်ဆေးကိုရပ်ကွက်အလိုက်ထိုးပေးတဲ့အချိန်က ထိုးခဲ့ကြပြီးပြီဆိုတော့ နဲနဲတော့စိုးရိမ်မှု လျော့သွားပေမယ့် အိမ်ကလူမမယ်သားသမီးလေးတွေ၊ ကျောင်းသားလေးတွေ ကိုကူးစက်မှာကို စိုးရိမ်မှု နေ့စဉ်ဖြစ်နေတယ်ခင်ဗျ၊ အခု နိုင်ငံတော်က ကာကွယ်ဆေးကို အသက်(၁၂)နှစ်အထက် ကျောင်းသား/ သူတွေကို ထိုးပေးမယ်လည်းသိတော့ ကျနော်အရမ်းပျော်သွားပါတယ်၊ ကျနော်မှာလည်း ကျောင်းအပ်ထားတဲ့ ဆေးထိုးခွင့်ရမယ့်အရွယ် သားတစ်ယောက်သမီး တစ်ယောက်ရှိတော့ ဆေးထိုးပေးတဲ့အချိန် မဖြစ်မနေ ထိုးပေးမယ်ဆိုပြီးဆုံးဖြတ်ချက် ချလိုက်တယ်၊ အဲ့ဒါနဲ့ကျောင်းကဆရာမတွေဆက်သွယ်လာတော့ စာရင်းပေးသွင်းပြီး မိဘအုပ်ထိန်းသူ တစ်ဦးအနေနဲ့ လိုလိုလားလားပဲ သဘောတူခွင့်ပြုပြီးဒီကာကွယ်ဆေးကို ကိုယ့်သားသမီးတွေကို ယုံယုံကြည်ကြည် လာထိုးဖြစ်ခဲ့တာပါခင်ဗျ။

မေး။ ။ အခုကာကွယ်ဆေးကို သားသမီးတွေကိုထိုးပေးပြီးပြီဆိုတော့ မိဘတစ်ဦးအနေနဲ့ ခံစားရတဲ့ပိတိစကားလေးနဲ့ အခြားကျောင်းသားမိဘတွေကိုလဲ အကြံပြုချင်တဲ့စကား ပေးပြောပေးပါရှင့်။

ဖြေ။    ။ ဟုတ်၊ အခုလိုကာလမှာ မိမိရင်သွေးသားသမီးကျောင်းသား/သူတွေကို ကိုဗစ် ကာကွယ်ဆေးထိုးနှံခွင့် ရတာဟာ ဆုလဘ်တစ်ပါးဖြစ်ပါတယ်၊ အားလုံးသိကြတဲ့အတိုင်းပါဘဲ့ ကျနော်တို့အခုဆို ကိုဗစ်ရောဂါ ကူးစက် ပြန့်ပွားမှု တတိလှိုင်းကိုလည်းဖြတ်သန်းခဲ့ရပြီး ဆေးမထိုးထားတဲ့ မိသားစုဘဝတွေ ဝမ်းနည်းစရာအတွေ့အကြုံ များစွာရခဲ့ကြပြီးပါပြီ၊ ဒါကြောင့်မို့လို့ ကျောင်းသားမိဘတွေ အနေနဲ့လည်း ကောလဟလစကားတွေကို မယုံကြဘဲ ဒီလိုကိုဗစ်ကာလမှာ ကိုယ့်သားသမီးရင်သွေးငယ်တွေ ကျန်းမာရေးအတွက် အခုလိုရလာတ ဲ့အခွင့်အရေးကို အပြည့်အဝ အသုံးချဖို့အတွက် အကြံပြုတိုက်တွန်းချင်ပါတယ်ခင်ဗျာ၊

မောင်ညီဝဏ္ဏ

(Grade-7 ၊ အထက(ခွဲ)အလက-၂)

မေး။ ။ သားရဲ့ အမည်၊ကျောင်းနှင့်အတန်းလေးကိုပြောပြပါလား။

ဖြေ။    ။ ဟုတ်သားကတော့ မောင်ညီဝဏ္ဏ (Grade-7 ၊ အထက(ခွဲ)အလက-၂) ကော့သောင်း က ကျောင်းမှာ ပညာသင်ယူနေပါတယ်။

မေး။ ။ သားအခုကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေတာသိတယ်နော် ဒီရောဂါအကြောင်း သားသိသလောက် ပြောပြပါလား။

ဖြေ။ ။ ကိုဗစ်၁၉ ရောဂါဟာ ကူးစက်တာမြန်တယ်လို့သိရပါတယ်၊ ပြီးတော့ ကုသဖို့ဆေး မရှိသေးဘူးဆိုတာရယ်၊ ကာကွယ်တဲ့ဆေးပဲ ရှိတယ်ဆိုတာရယ်၊ ဒီရောဂါကူးစက်ခံရတာ တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာကနေ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးတတ်တယ်လို့သိထားပါတယ်၊ ဒီရောဂါကူးစက်ခံရရင် ဖျားမယ်၊ နှာချေမယ်၊ ချောင်းဆိုးမယ် နောက်ပြီး အဆုပ်ကိုအနာဖြစ်စေပြီး အသက်ရှူကြပ်လာမယ်၊ ပြီးတော့ အောက်ဆီကျင်ကျဆင်း လာပြီး သေဆုံးနိုင်တယ်လို့ သိရပါတယ်။

မေး။ ။ အခုသားက ကာကွယ်ဆေး ထိုးပြီးသွားပြီဆိုတော့ သားစိတ်ထဲဘယ်လိုခံစားရလဲ။

ဖြေ။ ။ သားအခု ဆေးထိုးဖို့လာတော့ နဲနဲကြောက်မိတယ်၊ ဖေဖေ၊မေမေတို့ သားဆရာမတို့က အားပေးတော့ သားအကြောက်နဲနဲပြေသွားတယ် တကယ်တမ်းထိုးတော့ ပုရွက်ဆိတ် ကိုက်သလောက်တောင် မနာပါဘူး၊ ဆေးမထိုး ထားတဲ့လူတွေ ရောဂါကူခံရပြီး မသေသင့်ဘဲသေဆုံးရတာတွေ သားသိထားတော့ ရောဂါကူးခံရမှာ ကြောက်နေတာ၊ အခုသားတို့ ကာကွယ်ဆေးထိုးပြီးပြီဆိုတော့ စိုးရိမ်မှုတွေနဲနဲလျော့သွားသလိုခံစားရတယ်၊

မေး။ ။ ဆေးမထိုးခင်က ရောဂါဖြစ်ပွားလို့ သားအနေနဲ့ဆုံးရှုံးမှုတွေဖြစ်ခဲ့သေးလား၊ သားက အခုဆေးထိုးပြီးပြီဆိုတော့ ရှေ့ဆက်ဘယ်လိုရည်ရွယ်ထားတာရှိလဲပြောပြပါလား။

ဖြေ။ ။ ဟုတ်ကဲ့ ဒီရောဂါဖြစ်ပွားတဲ့ကာလတစ်လျှောက် သားတို့ ကျောင်းလည်းမတက်ရဘူး၊ ပညာလည်းမသင်ရဘူး၊ အိမ်မှာဘဲ့ နေရတယ်၊ အပြင်လည်းမထွက်ရဘူး၊မကစားရဘူး၊ သူငယ်ချင်းတွေနဲ့လည်းတွေ့ခွင့်မရဘူး သားအရမ်း စိတ်ညစ်ခဲ့ရတယ်၊ အခုဆိုကာကွယ်ဆေး ထိုးထားပြီပြီဆိုတော့ သားဒီရောဂါကူးစက်မှာကို သိပ်မစိုးရိမ် တော့ဘူး။ ဒါပေမယ့် ဆရာမက တော့ပြောတယ် ဆေးထိုးပြီးလည်း ကိုဗစ်၁၉ရောဂါ ကူးစက်နိုင်သေး တယ်။ ဒါကြောင့် ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်တွေအတိုင်း နေဖို့တော့လိုသေးတယ်လို့ပြောပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ဆေးထိုးထားလိုက်ပြီးပြီဆိုတော့ သူငယ်ချင်းတွေနဲ့လည်း ပြန်တွေ့ရဖို့၊ အပြင်ထွက်ကစားရဖို့ အခွင့်အရေးတွေ တဖြည်းဖြည်း ပြန်ရလာမယ်လို့တော့ ထင်ပါတယ်၊ နောက်ပြီး ကျောင်းတွေပြန်ဖွင့်ရင် ကျောင်းတက်မယ်၊ ပညာသင်မယ် သားဖြစ်ချင်တဲ့ အင်ဂျင်နီယာကြီးတစ်ယောက်ဖြစ်အောင် လုပ်မယ်လိုရည်ရွယ်ထားပါတယ် ခင်ဗျာ။

မေး။ ။ အခုလိုဖြေကြားပေးတဲ့အတွက်သားကို ကျေးဇူးတင်ပါတယ်ကွယ်။

ဖြေ။ ။ သားကလည်းအခုလိုဖြေကြားခွင့်ရတဲ့အတွက်အန်တီကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

တွေ့ဆုံမေးမြန်း- ဒေါ်မေဇင်ဦး(ဒုတိယဦးစီးမှူး)

ဓာတ်ပုံ- ကျော်စိုး(ကော့သောင်း)