မြို့သစ် အောက်တိုဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့်ပုလင်းဆည်ရေလှောင် တမံရေပိုလွှဲမှ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနကသိရသည်။
ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ လက်ရှိရေမှတ်မှာ(၅၆၀ ဒသမ ၆၀)ပေရှိသည့်အတွက်ရေပြည့် အမှတ်ထက်( သုည ဒသမ တစ်ပေခန့်)၊ စွန်ဆည်ရေလှောင်တမံ၏ လက်ရှိရေမှတ်မှာ (၆၂၆ )ပေရှိ သည့်အတွက် ရေပြည့်အမှတ်ထက် ( တစ်ပေခန့်) ရေပိုလွှဲမှရေကျော်ကျလျက်ရှိပြီး ပုလင်းဆည် ရေလှောင်တမံ၏ လက်ရှိရေမှတ်မှာ (၆၈၆ ဒသမ ၇၀)ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် (၁ ဒသမ ၇ပေခန့်)ရေပိုလွှဲမှ ဆက်လက်ရေကျော် ကျလျက်ရှိကြောင်း သိရသည်။
ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့်ပုလင်းဆည်ရေလှောင်တမံများ၏ ရေပိုလွှဲမှရေကျော်ကျမှုရှိသော် လည်း ဆည်များ၏ ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့်ဆက်စပ်အဆောက်အအုံများကြံ့ခိုင်ကောင်းမွန်၍ဆည် အောက်ပိုင်းရှိကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံကသိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)