လိပ်သို အောက်တိုဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့အတွင်းအရှိ အခြေခံပညာကျောင်းများမှ အသက် (၁၂) နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအားလုံးကို အောက်တိုဘာလ (၁၇) ရက်နေ့မှစ၍ ဆေးထိုးစုရပ် သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့ညနေ (၃) နာရီအချိန်က မြို့ပေါ်/ ရပ်ကွက် နှင့် ကျေးရွာများသို့ မိဘပြည်သူများအား လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှည့်လည်နှိုးဆော်ရာတွင် မြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၁၂) နှစ်မှ (၁၈) နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို သက်ဆိုင်ရာ အ.ထ.က ကျောင်းများအလိုက် ဆေးထိုးစုရပ်အဖြစ် သတ်မှတ် ထားရှိပြီး မိဘ(သို့မဟုတ်) အုပ်ထိန်းသူ သဘောတူညီချက် ရယူပြီးမှသာ စနစ်တကျ ထိုးနှံပေး သွာမည်ဖြစ်ကြောင်း၊ မိဘပြည်သူများမှလည်း မိမိတို့၏ ရင်သွေး ကျောင်းသား/ ကျောင်းသူများအားလုံးကို စိတ်ချလုံခြုံစွာဖြင့်လည်းကောင်း၊ ကျန်းမာပျော်ရွှင်စွာဖြင့် လည်းကောင်း၊ ပညာသင်ကြားနိုင်ဖို့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေး စုရပ်များတွင် မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်များဖြင့် မိမိတို့ရင်သွေးများအား ကာကွယ်ဆေး ထိုးနှံစေရေး ပူးပေါင်းကူညီဆောင်ရွက် ပေးကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက မြို့ပေါ်/ ရပ်ကွက် ကျေးရွာများသို့ Hand Speaker ဖြင့် လှည့်လည် နှိုးဆော်အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)