ရေတာရှည် သြဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် မိုးဦးကာလ မိုးခေါင်မှုကြောင့် တောင်သူအများစုမှာ အခြောက်ထယ်ရေးဖြင့် စပါးများ ကြဲပက်ခဲ့ကြပြီး စပါးစိုက်ပြီး နှစ်လခန့်အကြာတွင် ပေါင်းမြက်ပင်များကို မနိုင်မနင်း ရှင်းလင်းနေကြရသည့်အတွက် စပါးပင် အောင်မြင်ဖြစ်ထွန်းမှုနှင့် ထွက်နှုန်းထိခိုက်မည်ကို တောင်သူများ စိုးရိမ်လျက်ရှိနေကြောင်း သိရှိရသည်။
“မိုးစပါးစိုက်တဲ့အချိန်မှာ လယ်အဝင်လမ်းတွေမရှိတာက အဓိက ပြသနာပဲ သူများလုပ်လို့ ကိုယ်ကမလုပ်နိုင်ရင် လမ်းပိတ်သွားရော ဒါကြောင့်ပဲ သူများအခြောက်ဆို အကုန်လိုက်ခြောက် ရတာ မိုးကလဲ မရွာတော့ ပိုဆိုးတာပေါ့ စပါးပင် တစ်လသား လောက် ကတည်းက ပေါင်းသတ်ဆေးတွေ မျိုးစုံနေပြီ ဝယ်သုံးရတာ ကုန်တာလည်းမနဲတော့ဘူး တောင်သူတိုင်း အဲ့လိုပဲ ဒီပေါင်းပင် သေတော့ ဟိုပေါင်းပင်ကထ ဆေးတွေကပဲ အာနိသင်နည်းတာလား နည်းစနစ်တွေပဲမှားနေလား တော့မသိဘူး ဆေးဖြန်းလေ ပေါင်းထူလေဖြစ်နေတာ လူနဲ့ငှားနုတ်တာက ပိုထိရောက်တယ်”ဟု ဆွာမင်းလမ်း အုပ်စု၊ တံတားကြီး ကျေးရွာနေ တောင်သူ ဦးထွန်းနွယ် က ရှင်းလင်းပြောကြားသည်။
“အချိန်တန်လို့ စပါးက ဘယ်လောက်ထွက်မယ်တော့ မသိပေမဲ့ ဓာတ်မြေတို့ ပေါင်းသတ်ဆေးတွေ ကစျေးကြီးတယ် အကြွေးဝယ်သုံးရတာဆိုတော့ အတိုးကပါလိုက်တက်တဲ့ လယ်ယာလုပ်သားက ရှားပါးရတဲ့ အလုပ်သမားတွေကလဲ တစ်နေ့အတွက် နေ့စားခအပြင် ထမင်းဟင်းကောင်းကောင်းကျွေးမှ နို့မဟုတ်ရင် နောက်တစ်ခါ ငှားလို့ကိုမရတာ”ဟု ကုန်ကြီးအုပ်စု၊ အင်ကြင်းကုန်း ကျေးရွာနေ ဒေသခံ တောင်သူတစ်ဦးက ပြောသည်။
မိုးစပါး စိုက်ပြီးသည်မှာ နှစ်လခန့်ရှိပြီဖြစ်ရာ ဓာတ်မြေသြဇာများကြဲ ပက်သည့်အခါ ကြီးရင့်နေသော ပေါင်းပင်များကိုပါ မြေသြဇာ ကျွေးသလိုဖြစ်ကာ ယခုကဲ့သို့ မနိုင်မနင်းဖြစ်နေရခြင်းဖြစ်ကြောင်း တောင်သူချင်း သုံးသပ်ပြောကြားမှုများ လည်းရှိနေ သည်။
အပြောင်းအလဲမြန်သည့် ရာသီဥတုကြောင့် ချင့်ချိန်လုပ်ကိုင် နေရသည့် တောင်သူများမှာ စတင်စိုက်ပျိုးကတည်းက ပျိုးထောင်ခြင်း၊ လယ်သမန်းလုပ်ခြင်းတို့ကို စိတ်ကြိုက်ဆောင်ရွက်နိုင်မှု မရှိခြင်း၊ ကိုဗစ်-၁၉ ကာလနှင့်တိုက်ဆိုင်စွာ ဝင်ငွေမရှိ၍ မိသားစု စားဝတ်နေရေး ခက်ခဲနေခြင်းတို့ကြောင့် စိုက်ပျိုးရေး လုပ်ငန်းခွင်အတွက် ကုန်ကျစရိတ်များနိုင်သည့် သွင်းအားစုကို လျော့ချကြ ခြင်းက နောက်ဆက်တွဲ ပြသနာများ ကြုံတွေ့ရခြင်းလည်း ဖြစ်သည်။ မိုးစပါးတစ်မျိုးတည်းကိုသာ စိုက်ပျိုးကြသည့် တောင်သူများ အနေဖြင့် ကြားကာလ၌ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများအတွက် ငွေကိုရှာဖွေသုံးစွဲရခြင်းဖြစ်ရာ မိုးစပါးခင်းများ အောင်မြင်ပြီး ထွက်နှုန်း ကောင်းမွန်ရေးကို အားထားမျှော်လင့်နေကြခြင်းလည်း ဖြစ်သည်။
ဆု(ပြန်/ဆက်)