ကော့သောင်းမြို့တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကော့သောင်း အောက်တိုဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အား အသက် ၁၈ နှစ်အထက် ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဆေးထိုးစုရပ်အသီးသီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ် မှုဖြင့် ကော့သောင်းမြို့၊ အမှတ်(၁၃) ကုတင်(၁၀၀) တပ်မတော်ဆေးတပ်ဖွဲ့များ၊ အခြေချစစ်ဗျူဟာ အဖွဲ့ (ကော့သောင်း) မှ ဆေးတပ်ဖွဲ့များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့(၃)ဖွဲ့ခွဲကာ တစ်ပြိုင်နက် ပူးပေါင်း ထိုးနှံပေးခြင်းဖြစ်သည်။

ကော့သောင်းမြို့နယ်အနေဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လအတွင်းက ပထမအကြိမ်အဖြစ် သံဃာတော်နှင့် သီလရှင်များ၊ သက်ကြီးရွယ်အိုများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့်အထက် မြို့နေပြည်သူများ အပါအဝင်လူဦးရေစုစုပေါင်း (၅၄၂၅) ဦးအား အိန္ဒိယနိုင်ငံထုတ် COVISHIELD ကာကွယ်ဆေး(၂)ကြိမ်စီ အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီး ယခုတရုတ်နိုင်ငံ ထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  Sinopharm ဖြင့် ယမန်နေ့အထိ လူဦးရေ (၃၁၂၀၀) ကျော်ခန့်ကို  ကာကွယ်ဆေး (၁) ကြိမ်စီ ထိုးနှံပေးခဲ့ပြီးဖြစ်သည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန်စာရင်းပေးထားသည့် မြို့နေ့ပြည်သူမည်သူ့ကိုမဆို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအထိ  သတ်မှတ် ရက်များအလိုက် ဆေးထိုးအဖွဲ့ များဖြင့် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ် ပြီး ယနေ့ကာကွယ်ဆေး ထိုးနှံမှုအဖြစ် ကော့သောင်း-ရနောင်းကူးတို့ ပဲ့ချိတ်ရေယာဉ် ငယ်မောင်းနှင်သူများနှင့် မိသားစုဝင်များ၊ ကမ်းနီးငါးဖမ်းလှေ လုပ်သားများနှင့် မိသားစုဝင်များ အပါအဝင် အသက်၁၈နှစ်အထက် မည်သူကိုမဆို ထိုးနှံပေးကြခြင်း ဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)