မကွေး အောက်တိုဘာ ၁၈
ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ပညာသင်ယူခွင့် အခွင့် အလမ်းများ ရရှိလာစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိလာစေရေး မကွေးတိုင်းဒေသ ကြီးအတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို အောက်တိုဘာလ ၁၇ ရက် ယနေ့နံနက်(၉)နာရီအချိန်မှ စတင်၍ မြို့နယ်အသီးသီးမှ သတ်မှတ်စုရပ် ကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။
တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် အသက်(၁၂)နှစ် အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကာကွယ်ဆေးထိုးမည့် စုရပ်နေရာများတွင် လက်ဆေး ဘေစင်များထားရှိခြင်း၊ ကာကွယ်ဆေးထိုးရန် လာရောက်သည့် ကျောင်းသား/သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းများကို ကာကွယ်ဆေးထိုးရေး အဖွဲ့အဖြစ် ဖွဲ့စည်းထားသည့် ကျန်းမာရေး ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးစီမံဝန်ထမ်းများနှင့် Volunteer များက ဆောင်ရွက် ပေးလျက်ရှိပြီး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးမီ ကျောင်းသား/ကျောင်းသူ မိဘအုပ်ထိန်း သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမှုနှင့် ပတ်သက်၍ ကြိုတင် အသိပညာပေးခြင်းများ ဆောင်ရွက်လျက် ရှိကာ မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက် လက်မှတ် ရရှိမှသာ ကာကွယ် ဆေး ထိုးနှံပေးခြင်းနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မူများအတွက် ကြိုတင် စီစဉ်ဆောင်ရွက် ထားရှိကြောင်း သိရ သည်။
အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု အနေဖြင့် အစိုးရအခြေခံပညာ အထက်တန်းကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင် အထက်တန်းကျောင်းနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံ ပေးခြင်းဖြစ်ပြီး တိုင်းဒေသကြီးအတွင်း လက်ရှိစာရင်းကောက်ယူမှုအရ ကာကွယ်ဆေးထိုးနှံပေးမည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူ ဦးရေ(၁၁၂၃၈၆) ဦးရှိကြောင်းနှင့် အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆေးထိုးစုရပ်(၂၅၅)နေရာတွင် ဆေးထိုးနှံပေးမည့်အဖွဲ့(၁၆၈)ဖွဲ့၊ အဖွဲ့ဝင် ဦးရေ(၂၆၄၄)ဦးနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ လုံခြုံရေးအဖွဲ့များ ပူးပေါင်းကာ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မောင်ညီညာ(မကွေး)