မြိတ် အောက်တိုဘာ ၁၈
ကျောင်းသား/သူများအား ပညာသင်ယူမှု အခွင့်အလှမ်းများ ဆက်လက်ရရှိစေရေးအတွက် နိုင်ငံတော် အစီအစဉ်ဖြင့် ကိုဗစ်ရောဂါ ကာကွယ်ဆေး Sinovac ကို နိုင်ငံတစ်ဝှမ်းထိုးနှံပေးလျက်ရှိရာ မြိတ်မြို့နယ်ရှိ ကျောင်း သား/သူ(၈၃၁၁)ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ကာကွယ်ဆေးထိုးနှံပေး သည့်ကျောင်းများ၌ မိဘအုပ်ထိန်းသူနှင့်အတူ ကျောင်းသား/ သူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
“ကျောင်းသား/သူတွေကို ယနေ့မှစတင်ပြီး ဆေးထိုးစုရပ် အထကကျောင်း(၄)ကျောင်းမှာ ကျောင်း(၁၄) ကျောင်းမှ ကျောင်းသား/တွေကို ကာကွယ်ဆေးစတင်ထိုးနှံပေးပါတယ်။ ဆေးမထိုးခင် မိဘအုပ်ထိန်းသူတွေကို ဆေးထိုးပေးတာနဲ့ပတ်သက်ပြီး အသိပေး၍ သဘောတူ လက်မှတ်ရေးထိုးပြီးမှ ကျောင်းသား/သူတွေ ဆေးထိုးပေးပါတယ်။ မြို့နယ်အတွင်းရှိ ကျောင်းအားလုံးမှ အထက်တန်း/ အလယ်တန်း ကျောင်းသား/သူတွေကို ဆက်လက် ထိုးနှံ ပေးသွားမှာဖြစ်ပြီး (၅)ရက်နဲ့အပြီး ထိုးနှံပေးသွားမှာဖြစ်ပါတယ်” ဟု မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန် က ပြောသည်။
မြိတ်မြို့နယ်တွင် အခြေခံပညာအထက်တန်းနှင့် အလယ်တန်း စာသင်ကျောင်း(၇၈)ကျောင်းရှိ အသက် (၁၂)နှစ်နှင့်အထက် အထက်တန်းနှင့် အလယ်တန်းကျောင်းသား/သူ (၈၃၁၁)ဦးအား ဆေးထိုးစုရပ်ကျောင်း(၂၄) ကျောင်းတွင် ဆေးထိုးအဖွဲ့(၈)ဖွဲ့ဖြင့် ကာကွယ်ဆေး ထိုးနှံပေး သွားမည်ဖြစ်ကြောင်း၊ ကျောင်းသား/သူများကို ဆေးထိုးရန်အတွက် မိဘအုပ်ထိန်းသူများအား ကြိုတင်အသိပေး အကြောင်းကြား ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးကို ယနေ့တွင် အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄) ကျောင်းများတွင် ကာကွယ်ဆေးစတင်ထိုးနှံပေးရာ ကျောင်းသား/သူများက မိဘအုပ်ထိန်းသူများနှင့် အတူ လာရောက်ထိုးနှံကြပြီး ကာကွယ်ဆေးထိုးခြင်းကို လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/မများ၊ အုပ်ချုပ်ရေး အဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြသည်။ ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးပေးနေမှုအား တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြပြီး မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးဉာဏ်ဇော်၊ တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ အေးသိန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။
ခိုင်ထူး (မြိတ်ပြန်/ဆက်)