မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများကို ဆေးထိုးစုရပ် (၉)နေရာ၌ တစ်ပြိုင်နက်ထဲ စတင်ထိုးနှံ

မင်းဘူး အောက်တိုဘာ ၁၈

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူအား Sinovac အမျိုးအစား ကိုဗစ် ကာကွယ်ဆေးများကို ယနေ့နံက်ပိုင်းက ဆေးထိုးစုရပ် (၉)နေရာ၌ တစ်ပြိုင်နက်ထဲ စတင်ထိုးနှံပေး လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးနေမှုများကို မင်းဘူးခရိုင်/မြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ ခြေခံပညာ အလယ်တန်းနှင့် အထက် တန်းအဆင့်ရှိ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား Sinovac အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများကို Phase-3 ပထမအကြိမ်အဖြစ် မင်းဘူး(အ.ထ.က-၁)၊ စကု(အ.ထ.က)၊ ဆင်ခေါင်း၊ ရွာသာယာ၊ လေးပင်၊ ဆည်တော်၊ မုန်တောင်၊ ကျောက်စံ၊ ခန်ကုန်း စသည့် အခြေခံပညာ အထက်တန်းကျောင်းခွဲများရှိ ဆေးထိုးစုရပ်(၉)နေရာ၌ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်း များ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်း (Volunteer)များပူးပေါင်း၍ အဆင်ပြေချောမွေ့စွာ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

 

မင်းဘူး(စကု)မြို့နယ်အတွင်း၌ အခြေခံပညာကျောင်းပေါင်း (၈၈)ကျောင်း၊ ဘကကျောင်း (၁) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃)ကျောင်း၊ စုစုပေါင်း (၉၂)ကျောင်းမှ အလယ်တန်းနှင့် အထက်တန်း အဆင့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းလာရောက်အပ်နှံထားသူ ကျောင်းသားဦးရေ စုစုပေါင်း (၆၂၆၃)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

မောင်မောင်(မင်းဘူး)