ကျွန်းစု အောက်တိုဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား/သူများ ပညာသင်ယူခွင့် အခွင့်လမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန် ရရှိစေရေးအတွက် အသက်(၁၂)နှစ်ပြည့်ပြီးသူ ကျောင်းသား/သူများအား ယနေ့ နံနက်(၉)နာရီအချိန်က တာရပိုင်းကျေးရွာ၊ ပထက်ကျေးရွာနှင့် ကျွန်းစုမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူများအား ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ကြီးကြပ်မှုဖြင့် ပညာရေးဝန်ထမ်းများ၊ ကရုဏာနာ ရေးကူညီမှုအသင်း၊ သွေးနှင့်အောက်ဆီဂျင်ကူညီမှုအသင်း၊ ကြက်ခြေနီတပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိသည်။
ကျွန်းစုမြို့နယ်တွင် အသက်(၁၂)နှစ်ပြည့်ပြီးသူ ကျောင်းသား/သူများအတွက် Sinovac (CHINA) ထုတ် ကိုဗစ်ကာကွယ်ဆေး လူဦးရေ(၇၉၅၈)ဦးအတွက် ရရှိပြီး အောက်တိုဘာလ(၁၇)ရက်နေ့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၂၉၀)ဦး ရှိပြီး ယနေ့တွင် တာရပိုင်းကျေးရွာ၊ ပထက်ကျေးရွာနှင့် ကျွန်းစုမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)