တနင်္သာရီမြို့အတွင်းအသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ) အကြိမ် စတင်ထိုးနှံပေး

တနင်္သာရီ အောက်တိုဘာ ၁၈

နိုင်ငံတော်အစီအစဉ်ဖြင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ကျောင်းသား/ သူများပညာသင်ယူခွင့် အခွင့်လမ်းများရရှိစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရေးအတွက် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အတွင်းရှိ အခြေခံပညာလယ်တန်းနှင့် အထက်တန်းများ(၄၆)ကျောင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ကျောင်းအပ်နှံထားပြီးဖြစ်သော အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများကို အောက်တိုဘာလ(၁၇)ရက် နံနက် ၉ နာရီမှစတင်၍ တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို (ပထမ)အကြိမ်အဖြစ် ဆေးထိုးအုပ်စု(၅)ခုဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ တစ်ပြိုင်တည်း စတင်ထိုးနှံပေးကြောင်း သိရှိရသည်။

တနင်္သာရီမြို့နယ်အတွင်း အထက်တန်းကျောင်း(၆)ကျောင်း၊ အထက(ခွဲ)(၈)ကျောင်း ၊ အလယ်တန်း(၈)ကျောင်း၊ အလက(ခွဲ)(၁၂) ကျောင်းနှင့် မူလတန်းလွန်ကျောင်း(၁၂)ကျောင်း စုစုပေါင်း(၄၆)ကျောင်းမှ ကျောင်းသား/သူများ (၃၉၆၃)ဦးအား အထက-တနင်္သာရီ၊ အထက-တကူ၊ အထက-ညောင်ပင်ကွင်း၊ အထက-မော်တုန်းနှင့် အထက(ခွဲ) မောတောင်ဟူ၍ ဆေးထိုးစုရပ် (၅)ခုအတွင်း ကျန်းမာရေးဌာနဆရာ/မများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးမထိုးမီ ကျောင်းသား/သူများနှင့် မိဘ/အုပ်ထိန်းသူများကို ကိုယ်ပူချိန်တိုင်း ပေးခြင်း၊ ဆပ်ပြာနှင့်ရေဖြင့် စနသ်‌တကျလက်ဆေးစေခြင်း၊ မိဘ/အုပ်ထိန်းသူတစ်ဦးဦးက သဘောတူလက်မှတ်ရယူခြင်းစာရင်းရေးသွင်းခြင်းနှင့် ဆေးထိုးနှံပြီးပါက နောက်ဆက်တွဲပြဿနာတစ်စုံတစ်ရာရှိ/မရှိ သိရှိနိုင်ရန် မိနစ်(၃၀) စောင့်ကြည့်ပြီးမှသာ ပြန်လည် ထွက်ခွာခွင့်ပြုကြောင်း သိရှိရသည်။

ယနေ့အထက-တနင်္သာရီ ဆေးထိုးစုရပ်အတွင်း (ပထမ)အကြိမ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရန် လာရောက်ကြသည့် ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ/အုပ်ထိန်းသူများအား မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့် မြို့နယ်စီမံ အုပ်ရေးအဖွဲ့ဝင်များက ရင်းရင်းနှီးနှီး အားပေးကြည့်ရှုကြကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)