လှိုင်းဘွဲ အောက်တိုဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော ပြည်သူသို့အသိပေး ပန်ကြားချက် များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် ကရင်၊မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် လှိုင်းဘွဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မိဘပြည်သူများအနေဖြင့် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန် ၊ပြင်ပမှလာသောဧည့် သည်များလက်မခံကြရန်၊ အခြားသူများထံသို့သွားရောက်လည်ပတ်ခြင်း မပြုရန်၊ မဖြစ်မနေအရေးကြီးကိစ္စ ကြောင့်အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များကို စနစ်တကျတပ်ဆင်ကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းကိုရှောင်ကြဉ်ကြရန်၊လက်ကိုစက္ကန့်(၂၀)ကြာအောင်စနစ်တကျဆေးကြောကြရန်၊ မိမိတို့၌ရောဂါ ပိုးကူးစက်သည်ဟု သံသယ ရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားကြရန် စသည့်အချက်များကို ပိုးကရင်ဘာသာနှင့် မြန်မာဘာသာ တို့ဖြင့် ရပ်ကွက်များအတွင်းလှည့်လည်၍ လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)