တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး အောက်တိုဘာ ၁၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပဲခူးမြို့အတွင်း အသက်(၁၂)နှစ် နှင့်အထက် အခြေခံပညာကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား သွားရောက်ကြည့်ရှု အားပေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ခဲ့ပြီး အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဆေးလာထိုးသူ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် အချိုရည်နှင့်အဟာရမှုန့်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းပေါင်း (၂၂၄)ကျောင်းအတွက် ဆေးထိုးစုရပ် (၂၁) ခုတွင် အောက်တိုဘာလ (၁၇) ရက်နေ့မှ အောက်တိုဘာလ (၂၄)ရက်နေ့အထိ အသက် (၁၂)နှစ်နှင့် အထက် အခြေခံပညာကျောင်းသား/သူ (၁၄၀၄၄)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ပြီး ပဲခူး တိုင်းဒေသကြီးစာရင်းချုပ်အနေဖြင့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းပေါင်း (၃၀၇၇)ကျောင်းရှိ ကျောင်းသား/သူဦးရေ (၂၁၃၇၈၅)ဦးအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

(တိုင်းဒေသကြီးပြန်/ဆက်)